လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

39


MNP  -   ဒီဇင်ဘာ ၃၀

လာအို - မြန်မာ - ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပခဲ့သည်။


အစည်းအဝေးသို့ လာအိုအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင် (LCDC) အတွင်းရေးမှူးချုပ် Mr. Inpong Chanthavongsa ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်များနှင့် ထိုင်းနိုင်ငံမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB အထွေထွေ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


ပိုမိုကောင်းမွန်သော တားဆီးနှိမ်နင်းရေး နည်းလမ်းများ


အစည်းအဝေးတွင် ထိုင်းနိုင်ငံ ONCB ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon က ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနယ်ပယ်များသို့ ဓာတုပစ္စည်းများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက် (၂၀၁၉-၂၀၂၂) အရ ဆောင်ရွက် သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ပရီကာဆာ ဓာတုပစ္စည်းများ ပူးပေါင်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး ဆောင်ရွက်သည့်အခြေအနေနှင့် ရှေ့ဆက်တားဆီးဆောင်ရွက်မည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအနေဖြင့် Sodium Cyanide ၊ Benzyl Cyanide နှင့် Benzyl Chloride သုံးမျိုးကို ယခုနှစ်အတွင်းထိန်းချုပ်ထားပြီး Hydroxylimine ကို ထပ်မံထိန်းချုပ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ပိုမိုကောင်းမွန်သော တားဆီးနှိမ်နင်းရေး နည်းလမ်းများဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဖမ်းဆီးရမိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်


မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ဆွေးနွေးရာတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများ လျော့ကျသွားခြင်း မရှိသည်ကို ဖမ်းဆီးမှုဖြစ်စဉ်များအရ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်း၊ လူလုပ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တားဆီးရေးအတွက် ဓာတုပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံအလိုက် တားဆီးထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုမှာ များစွာအရေးပါ သဖြင့် သုံးနိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများကို ထိထိရောက်ရောက် တားဆီးနိုင်မည် ဖြစ်ပါကြောင်း၊ ရွှေတြိဂံဒေသရှိ နိုင်ငံများအနေဖြင့် ပရီကာဆာ ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါး နေခြင်းကြောင့် ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးအတွက် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား ယခုထက် ပိုမိုပူးပေါင်းထိန်းချုပ်ရေး၊ ဖမ်းဆီးရမိမှုများအား အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ရန် အဆင့်လိုက် Contact Person များ ထားရှိရေး၊ မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်သင်ကြားမည့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာ အထူးလုပ်ငန်း တာဝန်အဖွဲ့ Eagle 19 သင်တန်းသည်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အထောက်အကူများစွာ ရရှိမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။


လာအိုအမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင် (LCDC) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Inpong Chanthavongsa က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှာ လာအို - မြန်မာ - ထိုင်း ၃ နိုင်ငံကြားသာမက အခြားကမ္ဘာ့ နိုင်ငံများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများကို ထိခိုက်စေပါကြောင်း၊ လာအိုနိုင်ငံအနေဖြင့် ဘေးကင်းလုံခြုံသော မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စင်တာ (SMCC)မှ ပရီကာဆာ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။


ရွှေတြိဂံဒေသအတွင်း မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု လျော့ကျသွားမည်


အဆိုပါ အစည်းအဝေး၌ စိတ်ကြွဆေးပြား ထုတ်လုပ်ရာ တွင် မရှိမဖြစ်လိုအပ်သည့် ကဖင်းကို လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိန်းချုပ်ထားရှိပြီးဖြစ်၍ ဒေသတွင်း မဲခေါင် MoU အဖွဲ့ဝင် နိုင်ငံများအတွင်း ထိန်းချုပ်နိုင်ရေး ဆွေးနွေးသွားရန်၊ နိုင်ငံအလိုက် ဖမ်းဆီးရမိ ပရီကာဆာ ဓာတုပစ္စည်းများအား နှစ်စဉ်ဖျက်ဆီးရာတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် UNODC အပါအဝင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက် ရေးဆိုင်ရာ အဖွဲ့အစည်းများထံမှ နည်းပညာ၊ ရန်ပုံငွေနှင့် ဆက်စပ် ပစ္စည်းကိရိယာ အထောက်အပံ့ရရှိရေး ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မရှင် (CND)သို့ UNODC မှ တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက် အလက်များကို ထိုင်းနိုင်ငံမှ ဦးဆောင်စုစည်း ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး ဂိုဏ်းဖွဲ့ကျူးလွန် သူများသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများကို နည်းလမ်းမျိုးစုံ သယ်ဆောင်လျက်ရှိသဖြင့် စက်ပစ္စည်းကိရိယာများ ဖမ်းဆီးရမိပါက အစိတ်အပိုင်းအလိုက် မှတ်တမ်းဓာတ်ပုံများအား သတင်းဖလှယ်မျှဝေသွားရေး၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များကို သက်သေခံပစ္စည်းများ ကိုင်တွယ် ထိန်းသိမ်းရာတွင် စနစ်တကျရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် ထိုင်းနိုင်ငံ ONCB မှ သင်တန်းပို့ချပေးရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ယခုအစည်းအဝေး ကျင်းပခြင်းကြောင့် အနာဂတ်တွင် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေတြိဂံဒေသအတွင်း မူးယစ် ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှု လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages