မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ် (မကွေး) စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “The Project Show and Competition 2022” အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ် (မကွေး) စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “The Project Show and Competition 2022” အခမ်းအနား တက်ရောက်



MNp - ဒီဇင်ဘာ ၂၂

နည်းပညာတက္ကသိုလ်(မကွေး) အနေဖြင့် သုတေသန အခြေပြုသော တက္ကသိုလ်တစ်ခုဖြစ် လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိ လုပ်ငန်းရှင်များ၏ ခက်ခဲသော လုပ်ငန်း များအတွက် တစ်ဒေါင့်တစ်နေရာမှ ပါဝင်ကူညီနိုင်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး ကြိုးစားဆောင် ရွက်လျက်ရှိရာ နည်းပညာတက္ကသိုလ်(မကွေး) စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “The Project Show and Competition 2022” အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ရှေ့ကွင်းရင်ပြင်၌ ကျင်းပသည်။


ဦးစွာ နည်းပညာတက္ကသိုလ်(မကွေး) စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “The Project Show and Competition 2022” ဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် နည်းပညာ တက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။


ဆက်လက်၍ “The Project Show and Competition 2022” ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီနေ့ နည်းပညာတက္ကသိုလ်(မကွေး)မှာ ပြုလုပ်တဲ့ “The Project Show and Competition 2022” အခမ်းအနားဟာ အလွန်တန်ဖိုးရှိတဲ့ အလုပ် ဖြစ်ပြီး တက္ကသိုလ်ဆိုတာ ခေတ်မီတဲ့ နည်းပညာတွေကို သင်ကြားပေးရုံသာမက တီထွင် ဆန်းသစ်သော ဖန်တီးနိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများကို မွေထုတ်ပေးတဲ့ နေရာ လည်းဖြစ်ကြောင်း၊ ဒါကြောင့် အခုလိုမျိုး Project Show သာမက Project Competition (ပြိုင်ပွဲ)ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့တာကြောင့် ပညာရည်ပိုမို မြင့်မားစေတဲ့ အလုပ်တစ်ခုဖြစ် ကြောင်း၊ ဒါ့အပြင် အခုလို ကျောင်းသား၊ ကျောင်းသူ အသစ်တွေရဲ့ ဘာသာရပ် မခွဲမီဆောင်ရွက် တာမို့ နောင်အနာဂတ်ရဲ့ အင်ဂျင်နီယာတွေအနေနဲ့ မိမိသင်ယူလိုသော ဘာသာရပ်ကိုပါ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လေ့လာခွင့် ရရှိစေတဲ့အတွက်လည်း အလွန်ကောင်းမွန်သော ပွဲတစ်ပွဲ ဖြစ်ကြောင်း၊ ဒီနေ့ပွဲကို မကွေးမြို့မှ အခြေခံပညာအထက်တန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုပါ လာရောက် လေ့လာနိုင်အောင် စီစဉ်ထားတဲ့အတွက် ဒီကျောင်းတွေမှ အခု အထက်တန်းပညာကို သင်ယူသူတွေဟာ မကြာခင်မှာ တက္ကသိုလ်တွေကို တက်ရောက် ပညာသင်ကြားရ မှာဖြစ်လို့ ကလေးတွေရဲ့ ပညာကြိုးစားလိုစိတ်ကို နှိုးဆွပေးသလို နည်းပညာ တက္ကသိုလ် အနေနဲ့ ဘယ်လိုပညာတွေကို သင်ကြားပေးတယ်ဆိုတာနဲ့ အခုလိုတွေ တီထွင်ဖန်တီးကြတာကို သိရှိအောင် လေ့လာစေခြင်းဖြင့် ကလေးတွေရဲ့ ပညာရေး လိုလားမှုကိုပါ မြှင့်တင်ပေးရာ ရောက်တာမို့ အထူးပဲအားရ ကျေနပ်ပါကြောင်း၊ ဒါကြောင့်လည်း အခုကျင်းပတဲ့ Project Competition မှာပါဝင်ယှဉ်ပြိုင်ကြတဲ့ မောင်တို့မယ်တို့ ကျောင်းသား၊ ကျောင်းသူတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း အားပေးချင်စိတ်တွေ ဖြစ်လာတဲ့အတွက် ပြိုင်ပွဲဝင် Project(၁၂)ခုအတွက် စုစုပေါင်း ငွေကျပ်(၄’၂၀၀’ ၀၀၀) လေးဆယ့်နှစ်သိန်း ထောက်ပံ့ပေးအပ်ခဲ့တာလည်းဖြစ်ပါကြောင်း၊ ယနေ့ခေတ် ပညာရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အတွက် ပညာရေးကို အားပေးဆောင်ရွက်နေသလို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန အနေဖြင့်လည်း နိုင်ငံတော်၏ လူမှုစီးပွားရေးကို အထောက်အကူပြုရန်အတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအား အရင်းအမြစ်များ၊ အင်ဂျင်နီယာအတတ်ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာ တွေ့ရကြောင်း၊ အခုဆိုလျှင် နည်းပညာတက္ကသိုလ်(မကွေး)မှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၀၀) ကျော် တက်ရောက် ပညာသင်ကြားနေကြောင်း သိရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ နည်းပညာ တက္ကသိုလ်(မကွေး)အနေနဲ့ အခုလိုပြပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါမှာ မကွေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စား အလတ်စား စက်မှုလုပ်ငန်းတွေမှာ လိုအပ်ချက်တွေကို တစ်ဖက်တလမ်းကနေ သုတေသနပြု ဆောင်ရွက်တဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံတော်အတွက် လိုအပ်တဲ့ သုတေသနတွေကိုပါ ကြိုးပမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါကြောင်း၊ တက္ကသိုလ်တစ်ခုရဲ့ အဆင့်အတန်း ဆိုတာဟာ ဘယ်လိုသုတေသနတွေ လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတာမို့ ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းလိုပါကြောင်း၊ ဒေသတွင်းနဲ့ နိုင်ငံတော်အတွက် လိုအပ်တဲ့ သုတေသနတွေ ဖန်တီးနိုင်ဖို့ အခုလို ပြပွဲ၊ ပြိုင်ပွဲတွေက ခြေလှမ်း အစပဲဖြစ်ပါကြောင်း၊ ဒါကြောင့် နည်းပညာတက္ကသိုလ်(မကွေး)မှာ တာဝန်ထမ်းဆောင်နေကြတဲ့ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်နေတဲ့ တက္ကသိုလ်တစ်ခု ဖြစ်လာစေဖို့ ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်း လိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။


ဆက်လက်ပြီး နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက “The Project Show and Competition 2022” ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက Project ပစ္စည်းများ ခင်းကျင်းပြသဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)