မီးသတ်တပ်ဖွဲ့ရဲ့ 191 Report လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီးဒီပြပွဲမှာ စတင်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးသတ်တပ်ဖွဲ့ရဲ့ 191 Report လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီးဒီပြပွဲမှာ စတင်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်







MNP - 

ဦးသိန်းထွန်းဦး(ညွှန်ကြားရေးမှူး)


တွေ့ဆုံမေးမြန်း - ဟိန်းထက်ဇော်၊ ဇင်ဦး၊ ဓာတ်ပုံ - ဇော်ဦး


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြခန်းများအား ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်ပြသ လျက်ရှိရာဌာနအလိုက်ပြခန်းများ ပြသထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများနှင့် လာရောက်လေ့လာသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။


ဒေါက်တာရင်ရင်လွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန


ပညာရေးဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြပွဲမှာ ဌာနတက္ကသိုလ်စုစုပေါင်း ၁၈ ခုကနေ ပါဝင်ပြသပါတယ်။ ပြခန်းနံရံတွေမှာ ပညာရေးဌာနအသီးသီးရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ်။ ကျွန်မတို့ဌာနအနေနဲ့ သင်ရိုးညွှန်းတမ်း kg+12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲပေးရပါတယ်။ ရေးဆွဲတဲ့အါ မူ၊ လယ်၊ ထက်ဆိုပြီးရှိပါတယ်။ မူလတန်းကို JICA က နည်းပညာ အထောက်အပံ့နဲ့လုပ်ပါတယ်။ အလယ်တန်းနဲ့ အထက်တန်းတွေကိုတော့ ADB ရဲ့ ချေးငွေနဲ့ သင်ရိုးညွှန်းတမ်းတွေကိုပြုစုပါတယ်။ မူလတန်း Grade 1to 5 ၊ အထက်တန်း Grade 10 to 12 စနစ်နဲ့ သင်ရိုးတွေကို ပြုစုပါတယ်။ ယခုနှစ်မှာ Grade 9 နဲ့ Grade 12 ပဲ ကျန်ပါတော့တယ်။ အဲဒီတော့ ပြီးသွားတဲ့ Grade အသီးသီးရဲ့စာအုပ်တွေကို ဒီပြခန်းမှာပြသပါတယ်။ ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးစာအုပ်အပြင် ဆရာတွေအတွက်ထုတ်ဝေထားတဲ့ ဆရာလမ်းညွှန်စာအုပ်တွေပါ ခင်းကျင်းပြသထားပါတယ်။ တိုင်းရင်းသားဘာသာစကားဦးစီးဌာန အနေနဲ့လည်း ထုတ်ဝေထားတဲ့စာ‌အုပ်တွေကို ပြသတာအပြင် ရောင်းချပေးပါသေးတယ်။ အဆင့်မြင့်ပညာဦးစီးဌာနကသုတေသနပြခန်း။ အဓိကအဏ္ဏဝါနဲ့ ပတ်သက်တဲ့ပြခန်းတွေထဲမှာ မြိတ်တက္ကသိုလ်က လာရောက်ပြသတဲ့ပြခန်း၊ စစ်တွေတက္ကသိုလ်က လာရောက်ပြသတဲ့ အဏ္ဏဝါပြခန်း၊ ပုသိမ်အဏ္ဏဝါပြခန်းအပြင် ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်က လာရောက်ပြသတဲ့ ပြခန်းတွေနဲ့စပါးခွံနဲ့ အုတ်ဖုတ်တဲ့နည်းစနစ်ပြကွက်တွေရှိပါတယ်။ ပြခန်းကို ကျောင်းသား ကျောင်းသူလေးတွေ စိတ်ဝင်စားမှုအပြည့်နဲ့ လေ့လာကြည့်ရှုတဲ့အပြင် စာအုပ် စာစောင်လေးတွေကို ဝယ်ယူအားပေးကြတာလည်းရှိပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ ပညာရေးဌာနတွေအနေနဲ့ တစ်တပ်တစ်အား ပါဝင်ပြသခွင့်ရတဲ့အတွက် ပညာရေးတင်မကဘဲ ပြည်သူလူထုအားလုံးကို သိစေချင်တာတွေ ဖြန့်ဝေခွင့်ရတာလည်း အများကြီးကျေးဇူးတင်ပါတယ်။


ဦးသိန်းထွန်းဦး(ညွှန်ကြားရေးမှူး) မီးသတ်ဦးစီးဌာန


ကျွှန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနပြခန်းမှာတော့ လက်အောက်ခံဌာနကြီးငါးခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့ စုပေါင်းပြီးတော့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ ဝန်ကြီးဌာနရဲ့ရည်မှန်းချက်တာဝန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဌာနကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အဓိကထားပြီးပရဟိတစိတ်ကိုအခြေခံပြီး ဆောင်ရွက်ရတဲ့ဌာနဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့အနီးဆုံးမှာလည်းရှိတယ်။ ပြည်သူလူထုတွေမှာကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေကို ကူညီဆောင်ရွက်ပေးခဲ့မှာဆိုရင် ၇၆ နှစ်ရှိခဲ့ပါပြီ။ အခုလိုမျိုး ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေတာတွေကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယမှာ ဝန်ကြီးဌာနကိုယ်စားပြု ပြသတာဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာနပြခန်းမှာတော့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှု၊ လေ့ကျင့်ခဲ့မှု ဓာတ်ပုံမှတ်တမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေတွေ၊ မီးဘေးလုံခြုံရေးနဲ့ဆိုင်တဲ့ မီးသတ်တပ်ဖွဲ့သုံး ခေတ်မီအသုံးအဆောင်တွေ၊ ဝတ်စုံတွေကိုခင်းကျင်းပြသထားပါတယ်။ တစ်ဖက်မှာလည်း ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေကို နည်းပညာခေတ်နဲ့အညီ နိုင်ငံတကာမီးသတ်တပ်ဖွဲ့တွေက ဆောင်ရွက်နေသလိုပဲ ကျွှန်တော်တို့မီးသတ်တပ်ဖွဲ့ရဲ့ 191 Report လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပြီးဒီပြပွဲမှာ စတင်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းရဲ့လက်ထဲမှာ ရောက်ရှိနေပြီးတော့တစ်ခုခုအရေးပေါ် အကူအညီလိုအပ်တယ်ဆိုရင် မီးသတ်တပ်ဖွဲ့ကိုအရင်ဆုံး သတိရပြီး မီးသတ်တပ်ဖွဲ့ရဲ့ Command and Control Centre ဆီကို ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Control စင်တာကနေတစ်ဆင့် အနီးစပ်ဆုံး မီးသတ်တပ်ဖွဲ့စခန်းတွေဆီကို ဆက်သွယ်ပြီးလိုအပ်တဲ့ အကူအညီတွေပေး နိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။


ကိုကောင်းဇော် (ရွှေမှုံသနပ်ခါးထုတ်လုပ်ရေး) ပြည်ထောင်စုနယ်မြေဒေသထွက်ကုန်ပစ္စည်းများ အရောင်းပြခန်း


ကျွန်တော်ကတော့ ဒီလို (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယမှာကျင်းပတဲ့ ပြပွဲမှာကျွန်တော့်ရဲ့ပျဉ်းမနားစက်ရုံကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ မြန်မာ့ရိုးရာ ရွှေမှုံသနပ်ခါးကို နေပြည်တော်ဒေသထွက်ကုန် ပစ္စည်းအနေနဲ့ ဝင်ရောက်ပြသရောင်းချ ပေးတာဖြစ်ပါတယ်။ ဒီပြပွဲမှာ ဝင်ရောက်ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာတို့ရဲ့ လွတ်လပ်ရေးနေ့ အချိန်အခါမှာ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုတ်ကုန်ဖြစ်တဲ့ မြန်မာ့သနပ်ခါးကို အရည်အသွေးတိုးတက်အောင်ထုတ်လုပ်ထားတဲ့ အဆင့်မြင့်ထုတ်ကုန်တွေကို ဒီလွတ်လပ်ရေးနေ့အခမ်းအနားမှာပဲ ဂုဏ်ယူစွာစတင်မိတ်ဆက် ထုတ်ဖော်ပြသတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ မြန်မာ့သနပ်ခါး ထုတ်ကုန်ကို နိုင်ငံတကာကလက်ခံနိုင်တဲ့ အဆင့်မြင့်အလှကုန်ပစ္စည်းအဖြစ်နဲ့ထုတ်လုပ်ပြီးတော့ ပြည်ပအထိတင်ပို့ နိုင်အောင်ကြိုးစားနေ ပါတယ်။ နောက်ပြီးတော့ မြတ်စွာဘုရားရှင်လက်ထက်ကတည်းကရှိခဲ့တဲ့ နံ့သာငါးပါးကို တန်ဖိုးထားတဲ့အနေနဲ့ ၂၀၁၇ ခုနှစ် ကနေစတင်ပြီးတော့ မြန်မာ့ရိုးရာသနပ်ခါးထုတ်ကုန်တွေကို ထုတ်လုပ်လာခဲ့တာ အခုနှစ်ဆိုရင် ထုတ်ကုန် ၁၀ မျိုးလောက်အထိတိုးတက်ပြီး ထုတ်လုပ်ထားပါတယ်။ ပြည်ပကအလှကုန်ပစ္စည်းတွေဘယ်လောက်ပဲဝင်ရောက်လာသည်ဖြစ်စေ ကျွန်တော်တို့ မြန်မာတွေက သနပ်ခါးကို တန်ဖိုးထားတတ်ကြတဲ့ လူမျိုးဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ပိုပြီးတော့ တန်ဖိုးထားတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လိုအသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကိုလည်း နိုင်ငံတော်အနေနဲ့အကူအညီတွေ အများကြီးပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့ထုတ်ကုန်ကို ပြည်ပအထိ ဈေးကွက်ထိုးဖောက်နိုင်ဖို့ဆိုရင် နိုင်ငံတော်ရဲ့ အထောက်အပံ့များစွာလိုအပ်ပါတယ်။


မသက်မှူးဇင် (အထက ၁၈၊ ဒက္ခိဏ) (Grade 9)


တပေါင်းကွင်းမှာ ကျင်းပနေတဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြပွဲက ပြခန်းတွေကို ကျောင်းကဆရာ ဆရာမကြီးတွေရဲ့ အုပ်ထိန်းမှုနဲ့ လေ့လာခွင့်ရခဲ့ပါတယ်။ ပြခန်းတွေထဲမှာတိုင်းရင်းသားပြခန်းတွေ၊ ဝန်ကြီးဌာနပြခန်းတွေကိုလေ့လာခဲ့ပါတယ်။ အဲဒီပြခန်းတွေ ထဲကနေ စိတ်အဝင်စားဆုံးပြခန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနပြခန်း၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနပြခန်းနဲ့ တိုင်းရင်းသားပြခန်းတွေထဲမှာ မွန်ပြည်နယ်ပြခန်းနဲ့ တနင်္သာရီတိုင်းဒေသကြီးပြခန်းတွေပဲဖြစ်ပါတယ်။ ဒီပြခန်းတွေကို လေ့လာရတာ အားမရသေးတဲ့အတွက် မိသားစုနဲ့နောက်တစ်ကြိမ် ထပ်မံလာရောက်လေ့လာဦးမှာပါ။ သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာကြပါလို့ ပြောချင်ပါတယ်။


မောင်ရဲထက် (အထက ၁၈) (Grade 9)


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြခန်းတွေမှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေ၊ ရိုးရာအကတွေနဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကို ထိတွေ့ခွင့်ရတာ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့နိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင်ဘယ်လို ကြိုးပမ်းခဲ့ကြတာလဲ ဆိုတာ၊ ခေါင်းဆောင်ကြီးတွေ ဘယ်လို တိုက်ပွဲဝင်ခဲ့ကြတာလဲ ဆိုတာတွေ သေချာပြသထားတာတွေ့ရပါတယ်။ ပြခန်းတွေ ကအစုံပါပဲ။ အဲဒီထဲက ပြည်ထဲရေးဝန်ကြီးဌာနပြခန်းက မီးသတ်ဦးစီးဌာနပြခန်းကို စိတ်ဝင်စားပါတယ်။ ဗဟုသုတတွေ အများကြီးရတဲ့အတွက် လာရောက် လေ့လာကြပါလို့ ပြောချင်ပါတယ်။ နောက်ရက်တွေမှာလည်း လာရောက်လေ့လာပါဦးမယ်။ အခုလို အခမ်းအနားကြီးလုပ်ပေးတဲ့အတွက် တာဝန်ရှိသူအသီးသီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။


မောင်ထွဋ်ဇင်လင်း (အထက ၁၄) (ရွှေကြာပင်)


ကျွန်တော်လေ့လာလို့ အကြိုက်ဆုံးပြခန်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းက ပြတဲ့ပြကွက်တွေပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ဆရာ ဆရာမတွေက လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြခန်းအလိုက် ဂိမ်းတွေဖန်တီးပေးထားတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါ ဆုတွေအနေနဲ့လက်ဆောင်ပစ္စည်းတွေရရှိပါတယ်။ အရင်နှစ်ကဒီတပေါင်းကွင်းမှာပြသခဲ့တဲ့ လွတ်လပ်ရေးနေ့ပြခန်း တွေကိုလည်း လာရောက်လေ့လာခဲ့ဖူးပါတယ်။ ဒီနှစ်ကတော့ပိုပြီးပြည့်စုံလာတာတွေ့ရပါတယ်။ နောက်ရက်တွေမှာလည်း ထပ်ပြီးလာရောက်လေ့လာဦးမှာပါ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)