ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ



( ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် )


ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-


ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖြစ်ပါသည်။


ယခုကဲ့သို့ နေ့ထူးနေ့မြတ်အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့်တကွ ပြည်ထောင်စု ဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။


မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု အားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် တစ်မြေတည်းနေတစ်ရေတည်း သောက် မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြပါသည်။


နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သည့် ကာလတစ်လျှောက်လုံး အေးချမ်းသာယာပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ဝပြောစည်ပင်စွာ ဖြင့် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ခဲ့ကြပါသည်။ စည်းလုံးညီညွတ်မှုပြိုကွဲ၍ အဘက်ဘက်မှ အင်အားနည်းပါးချိန်တွင် မိမိထက်အဆမတန် အင်အားကြီးမားသော ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံး ခဲ့ရပါသည်။


ထိုသို့ နယ်ချဲ့လက်အောက်ကျရောက်ခဲ့သော်လည်း တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ သူ့ကျွန်မခံလိုသူများက မျိုးချစ်စိတ်ဓာတ်ထက်သန်စွာ မိမိတို့အသက်ကို ပဓာနမထားဘဲ နယ်ချဲ့တို့ကို တော်လှန်၍ အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။ မကြာမီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြီးသည် မိမိတို့တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုရလဒ်ဖြစ်ပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တိုင်းရင်းသားပြည်သူအားလုံးက ဆက်လက်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းလိုပါသည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ ပထမဆုံးညီလာခံ၏ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ်သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၅) နှစ်ပြည့်မြောက် စိန်ရတုကာလတိုင် ရောက်ရှိ ခဲ့ပြီးဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖော၊ ဂေါ်ရီ၊ ခါ့ခူး၊ ဒူးလန်း၊ လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူစသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီးစသည့် ရှမ်းမျိုးနွယ်စုများနှင့် ဗမာ တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသား မျိုးနွယ်စုများအပါ အဝင် လူဦးရေစုစုပေါင်း (၁၇) သိန်းကျော် အတူတကွချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးအဖြစ် မေခနှင့်မေလိခမြစ်နှစ်ခုပေါင်းဆုံ၍ စတင်မြစ်ဖျားခံရာဒေသ တစ်ခုလည်းဖြစ်သည့်အပြင် အဖိုးတန်သယံဇာတများဖြစ်သည့် ရွှေ၊ ကျောက်စိမ်း၊ ပယင်းစသည့် တန်ဖိုးရှိရတနာများပေါများ ကြွယ်ဝကာ သာယာလှပသည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်း များရှိသော ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးဆီးနှင်းများ ဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏ လှပမှုနှင့်မြစ်ဆုံ၏ သာယာမှုတို့သည် ပြည်နယ်၏ ထင်ရှားသော အလှအပသဘာဝများ ဖြစ်ပါသည်။


ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအကအလှများ၊ စာပေယဉ်ကျေးမှုဓလေ့ထုံးစံများမှာ ပျော်ရွှင်ချမ်းမြေ့ ဖွယ်ရာသာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသော တိုင်းရင်းသား အမွေအနှစ်များဖြစ်ပါသည်။ တိုင်းရင်းသားဝတ်စုံများနှင့် စုပေါင်း ညီညာစွာကပြသည့် မနောအကသည် ကချင်တိုင်းရင်းသားတို့၏ စွဲမက်နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။


မိမိတို့ တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးရာ စရိုက်လက္ခဏာများကို အစဉ်လေးစားတန်ဖိုးထား ကြသူများဖြစ်ပါသည်။ အမျိုးသားရေးရာလက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးများစွာရရှိမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်လျက်ရှိရာ အမျိုးသားရေး စိတ်ဓာတ်ရှိကြရန် အလွန်အရေးကြီးသော အချိန်ကာလဖြစ်ကြောင်း အသိပေးလိုပါသည်။


သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် ယနေ့ထက်တိုင် ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် သဘာဝအလှအပများကိုလည်း မခံစားနိုင်၊ သယံဇာတများ ကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်ဘဲဖြစ်နေရပါသည်။ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ အောင်မြင် အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။


နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ခိုင်မာအားကောင်းလာ စေရန်နှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားညီနောင် အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန်နှင့် နိုင်ငံအဝန်းဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး နိုင်ငံတော်အကျိုးအတွက်ဆိုသည့် တူညီသော စိတ်ဆန္ဒများ ရှိရန်လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ် နေပြီဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် “တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၄ နှစ်ကျော်ကာလတိုင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန် ချက်ပေါင်း (၂၁) ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အန္တရာယ်များအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးခဲ့ပါသည်။ ယခုဆက်လက်၍လည်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလ ထပ်မံတိုးမြှင့်ရပ်စဲပေးထားပါသည်။


နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲတိုင်းရင်းသားပြည်သူ အားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အတွင်း သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို တိုက်တွန်းမှာကြားလိုပါသည်။


ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အပေါင်းတို့ ခင်ဗျား


ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အခြေခံမူများဖြစ်ကြသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။


နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစသည့် စီမံချက်များ ချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့်ကဏ္ဍအားလုံး ကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။


ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေသည့်စနစ်ပင် ဖြစ်ပါသည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါ သည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွပေါင်းစည်း နေထိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည် ဖြစ်ပါသည်။ သို့မှသာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်စေရေး ဦးတည်ချက်နှင့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။


အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လှမ်းချီတည်ဆောက်နေရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ စဉ်းစားတွေးခေါ် မြော်မြင်နိုင်မှု၊ အသိဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာမှန်ကန်မှုတို့သည် လွန်စွာ အရေးကြီးပါသည်။ တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ မိမိတို့၏ရပ်တည် ဆောင်ရွက်နေမှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်ပြီး အကောင်း အဆိုး၊ အမှားအမှန်ကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုနည်းတူ မိမိတို့ပြည်နယ်၏ အနာဂတ်ကို ဆက်လက်ဖော်ဆောင်ကြမည့် လူငယ်များကိုလည်း အသိပညာဗဟုသုတပြည့်ဝ ရေး၊ မျိုးချစ် စိတ်ဓာတ်ရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံ ကြွယ်ဝရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။


သို့ဖြစ်ရာ နိုင်ငံနှင့် လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အင်အားဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါသည်။ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့ထူးမြတ်သော (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်စုံပိုင်ဆိုင်နိုင်ကြပါစေကြောင်း မေတ္တာပို့သပါသည်။


သို့ဖြစ်၍ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့မှအစပြု၍ ဒေသတွင်းတည်ငြိမ်အေးချမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက် စွမ်းဆောင်နိုင်သူများဖြစ်ကြပြီး နိုင်ငံအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံသားများ၏အကျိုးများ သယ်ပိုးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ


သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်


နိုင်ငံတော်ဝန်ကြီးချုပ်


ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)