MNP - ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းခရမ်းချဉ်သီးစိုက်ပျိုး ထုတ်လုပ်သူများ လက်ရှိအချိန်တွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဆောင်းခရမ်းချဉ်သီးကို ကုန်းစိုက်ခင်းများနှင့် ကိုင်းစိုက်ပျိုးမြေများတွင် ထိုင်ဝမ်ခရမ်းချဉ်မျိုးများနှင့် ဗမာမျိုး (ကျွန်းသီး) ခရမ်းချဉ်များကို မိသားစုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ရေသွင်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြရာ လက်ရှိအချိန်တွင် ဖောက်သည်ဈေး တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရကာ ယခင်နှစ်များက ဆောင်းခရမ်းချဉ်သီး ဈေးကအမြင့်ဆုံး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိသာ ဈေးကောင်းရှိခဲ့ကြောင်း၊ ဆောင်းခရမ်းချဉ်ကို မိုးနှောင်းကာလဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော်နှင့် တန်ဆောင်မုန်း လဆန်းပိုင်းတို့၌ စတင်စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ယခုနှစ်က ဆောင်ဦးကာလ၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အအေးဓာတ် လျော့ကျခဲ့ခြင်းကြောင့် ခရမ်းချဉ်စိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ကာ ခရမ်းချဉ်သီးထွက်နှုန်း လျော့ကျမှုဖြစ်စဉ်ကြောင့် ဈေးကွက်၌ ခရမ်းချဉ်သီးဈေး မြင့်တက်နေကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးသူများအနေဖြင့်လည်း ခရမ်းချဉ်စိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန်နှင့် သီးနှံထွက်နှုန်းမကျစေရန် ဆုပ်စားပိုး၊ သီးလုံးဖောက်ပိုးများ မကျရောက်စေရန် အတွက်ခရမ်းချဉ်ပင်၌ ကျရောက်တတ်သော ပိုးမွှားများအန္တရာယ် ကာကွယ်ရေးများ ဆောင်ရွက်နေရကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ခရမ်းချဉ်သီးကို ဈေးကွက်အတွင်း၌ ယခင်ရက်များက တစ်ပိဿာ ၁၆၀၀ ကျပ်သာရှိခဲ့ပြီး လက်ရှိ၌တစ်ပိဿာ ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူစားသောက်နေရကြောင်း ခရမ်းချဉ် စိုက်ပျိုးသူများနှင့် ဝယ်ယူစားသုံးသူ ပြည်သူများထံမှ သိရသည်။
ကိုဇွဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment