(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၈

(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည်။


အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကိုကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၄၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ သွေးလှူရှင်များကို နှစ်အတန်ကြာ လူမှုထူးချွန်တံဆိပ် မချီးမြှင့်နိုင်ခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပြန်လည်ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ သွေးလှူရှင် ၃၀ ကို လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ဂုဏ်ပြုချီးမြှင့်ခဲ့သည့်အတွက် သွေးလှူရှင်များနည်းတူ ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်တစ်ဝန်းရှိ သွေးသွင်းကုသမှုကို ဆောင်ရွက်ပေးနေသည့် ဆေးရုံများတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆေးပစ္စည်း၊ သွေး လှူဒါန်းရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် သိုလှောင်ရသည့်စက်ပစ္စည်းများကို ပြည့်ဝစွာ ထောက်ပံ့ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့ပေးထားသော်လည်း ယခုကဲ့သို့ စဉ်ဆက် မပြတ် လှူဒါန်းပေးသော စေတနာသွေးလှူရှင်ကြီးများ၏ လှူဒါန်းကူညီမှုသာမရှိခဲ့ပါက လူနာများအတွက် စိတ်ပူပန်မှုနှင့် ငွေကြေးကုန်ကျမှုများရှိမည့်အပြင် အမှန်တကယ် အန္တရာယ်ကင်းသည့် သွေးနှင့်သွေးပစ္စည်းများဖြင့် ကုသမှုခံယူခွင့်ရရှိနိုင်မည်မဟုတ်ပါကြောင်း၊ စေတနာသွေးလှူရှင်များအနေဖြင့် ကိုဗစ်ရောဂါကူးစက်ခံရမှုအန္တရာယ်ကိုဂရုမစိုက်ဘဲ ဝေဒနာရှင်လူနာများအတွက် အမျိုးသားသွေးဌာနသို့ လာရောက်လှူဒါန်းပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၁၂၄၉၇ ဦးရှိခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းမှုများကြောင့် အမျိုးသားသွေးဌာနမှ ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများအပါအဝင် ဆေးရုံစုစုပေါင်း ၃၆ ရုံအတွက် လုံလောက်စွာထောက်ပံ့နိုင်ခဲ့သည့်အတွက် သွေးသွင်းကုသရန် လိုအပ်သောလူနာများ ကပ်ရောဂါကာလအတွင်း အပူအပင်မရှိကုသမှုခံယူနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာနတစ်ခု၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့တွင်ရှိသည့် ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးဘဏ်ခုနစ်ခု၊ ခုတင်(၂၀၀)နှင့် ခုတင်(၁၀၀)ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်သော သွေးဘဏ်များကို တိုးချဲ့ဖွဲ့စည်းထားပါကြောင်းနှင့် လူနာများအတွက် လှူဒါန်းပေးသောသွေးလှူရှင်များနှင့် ကူညီထောက်ပံ့ပေးသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ကုသရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်တို့က သွေးလှူရှင် ၇၅ ဦးကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။


ထိုသွေးလှူရှင် ၇၅ ဦးတွင် လူမှုထူးချွန်တံဆိပ် (ပထမဆင့်)ရရှိသော သွေးလှူရှင် ၃၀၊ အကြိမ် ၁၂၀ နှင့်အထက် သွေးလှူရှင် ၃၅ ဦး၊ အကြိမ် ၁၀၀ နှင့် အထက် သွေးလှူရှင် ၁၀ ဦး ပါဝင်ကြောင်းသိရသည်။


ဂုဏ်ပြုချီးမြှင့်မှုအပြီးတွင် သွေးသွင်းကုသပြီး ရောဂါပျောက်ကင်းကျန်းမာလျက်ရှိသော ကလေး ငယ်များက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုငွေများချီးမြှင့်ကြသည်။


ယနေ့ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် သွေးလှူရှင်စုစုပေါင်း ၅၅၁ ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေစုစုပေါင်း ၁၉၅ သိန်းကိုလည်းကောင်း၊ စေတနာရှင်အလှူရှင်များက အလှူငွေစုစုပေါင်း ၃၂၁ သိန်းကိုလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)