မအီမြို့ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာမာရ်အောင်တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မအီမြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ်(၃)ရက်နေ့က ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်မှစတင်၍ ဆရာတော်သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြရာ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မာရ်ငါးပါးစေတီတော်များအနက်မှ မအီမြို့၊ စစ်ခေါ်ပြင်ကွင်းအရပ်ရှိ လောကမာရ်အောင် စွယ်တော်မြတ်စေတီတော်၌ ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ပဌာန်းပူဇော်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ တရားနာပရိသတ်တို့က ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အင်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များက ရောင်ခြည်တော်ဖွင့်ဂါထာတော်နှင့် ပဌာန်းပစ္စယ နိဒ္ဒေသ၊ ပဌာန်းပစ္စယ ဥဒ္ဒေသတို့အား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီးတရားနာလာရောက်ကြရန် နတ်ဗြဟ္မာတို့အား ပင့်ဆောင်ခဲ့ကြပြီး ဆရာတော် သံဃာတော်များက ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။


ယနေ့နံနက်ပိုင်းက ရေစက်သွန်းချပဋ္ဌာန်းသိမ်းပွဲကို ဆက်လက်ကျင်းပရာ အင်တောင်ကျောင်းတိုက်ဆရာတော်ထံ၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် သိမ်တောင်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားများကိုနာယူ၍ စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်တို့အား နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် စံတွေးကျောင်းဆရာတော် အရှင်အာစာရထံ၌ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး လက်ပံကျောင်းဆရာတော်က တရားနာလာရောက်ကြားရန်ဖိတ်ကြားထားသည့် နတ်ဗြဟ္မာတို့အား တရားတော်ဖြင့်ပြန်ပို့ခဲ့သည်။ ထို့နောက် ပူဇော်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများရွာသွန်းပြီး အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။


ဖော်ပြပါ ပဋ္ဌာန်းပူဇော်ပွဲများကို မြောက်ဦးဆရာတော်ဘုရားကြီး၏ မိန့်မှာချက်အရ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ဌာနဆိုင်ရာများက ပဌာန်းပူဇော်ပွဲတိုင်း၌ ဆရာတော်သံဃာတော်များ၏ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်နှင့် ဝေယျာဝစ္စ အဝဝတို့အား တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ပူဇော်ခဲ့သည့် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် အသံမစဲမဟာပဌာန်းပူဇော်ပွဲ၌ ပင့်သံဃာ(၂၈)ပါးတို့က ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး သံဃာတစ်ပါးလျှင် မြောက်ဦးဆရာတော်ဘုရားကြီးမှ နဝကမ္မအလှူငွေ (၃၀၀၀၀)ကျပ်နှင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုများနှင့် မြို့ပေါ်ဌာနဆိုင်ရာမိသားစုများ၊ အမှတ်(၃)ရပ်ကွက်မှ စေတနာရှင်အလှူရှင်များက (၂၀၀၀၀)ကျပ်စီ ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ဆက်လက်၍လည်း မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မအီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ထူပါရုံငြိမ်းချမ်းရေးစေတီတော်နှင့် ရတနာမာရ်အောင်တောရဓမ္မရပ်သာရှိ အဓိဋ္ဌာန်အောင်ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်၌ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်သွားမည်ဖြစ်ပြီး စုစုပေါင်းအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို (၉)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။


မောင်မောင်ဋ္ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)