MNP - ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ရှစ်သောင်းပုထိုးတော်ကြီး အတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပင့်ဖိတ်ထားသော ဆရာတော် ၊ သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များမှ ၅ ပါး သီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များမှ အတွင်းအောင်၊ အပြင်အောင်၊ အောင်ခြင်း (၈) ပါး ပါဠိတော် ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်ရွတ်အသင်းမှ အပြင် အောင်ခြင်း (၈) ပါး မြန်မာပြန် အနက်အား ရွတ်ဖတ်ပူဇော်ခဲ့သည်။ ပြီးနောက် ဆရာတော်သံဃာတော်ကြီးများမှ ဓဇဂ္ဂသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်၍ ဝတ်ရွတ်အသင်းမှလည်း ဓဇဂ္ဂသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များက နဝကမ္မ အစရှိသည့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment