MNP - ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျေးလက်နေ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ယာမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ချဉ်ပေါင်၊ နံနံ၊ စမိတ်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ သခွားစသည့် ကုန်စိမ်းသီးနှံများ ဖြစ်သော ဟင်းသီး၊ ဟင်းရွက်ပင်များစိုက်ပျိုးရောင်းချလျက်ရှိရာ ကွင်းအမှတ်(၁၃၁၆)ကွင်း၌ ကင်မွန်းတန်းကျေးရွာ၊ တောင်သူစိုက်ပျိုးထားသော ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ကန်စွန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်အနေအထားအပေါ်မူတည်၍ အပင်ကျဲ နှင့်အပင်စိပ်စိုက်ပျိုးခြင်းဖြင့် (၂)မျိုးစိုက်ပျိုးကြကြောင်း၊ ကန်စွန်းစိုက်ပျိုးရာတွင် မြေဘောင်များ ပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅)လက်မခန့်ခြားပြီး အတန်းလိုက်စိုက်ပျိုး ရကြောင်း၊ မြေခံ အဖြစ် သဘာဝမြေဩဇာနွားချေးများထည့်သွင်းပြီး၊ ထယ်ရေး၊ ထွန်ရေးဖြင့် မြေပြင်ကာ အစိုဓာတ်အမြဲရရှိစေရန် ရေသွင်းပေးပါက အပင်များပိုမိုဖြစ်ထွန်းကြောင်း၊ ကင်မွန်းတန်းကျေးရွာမှ ကန်စွန်းစိုက်တောင်သူ ဦးသိန်းဟန်က ပြောပြသည်။
ကန်စွန်းပင်များသည် စိုက်ပျိုးပြီး ရက်ပေါင်း(၃၅)ကျော်တွင် စတင်ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် ကန်စွန်းအညွှန့်ဖြစ်ထွန်းသည့် အပေါ်မူတည်၍ အညွှန့်(၈)ညွှန့်မှ(၁၀)ညွှန့်အထိ အစည်းများစည်းပြီး ရောင်းချကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကန်စွန်း(၁)ဧကတွင် မြေ အမျိုး အစားအပေါ်မူတည်၍ ငွေကျပ်(၁)သိန်းမှ ငွေကျပ်(၁)သိန်းခွဲ ကုန်ကျစရိတ်ရှိကြောင်း ကန်စွန်း ပင်များသည် နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် တောင်သူများစိုက်ပျိုးသင့်သော သီးနှံ တစ်မျိုး ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment