MNP - ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်သူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက် စကားပြောကြားခဲ့ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးရရှိသည့် ကျောင်းများနှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများစွာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပြုလုပ်သည့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဧည့်ခံဖျော်ဖြေခဲ့ကြကြောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုနှုတ်ဆက်ကြကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ယနေ့ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ကိုဆန်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ အကအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment