တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင်  တောင်ငူပညာရေးဒီဂရီကောလိပ်၊  မြတ်ပညာခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ်စာရိတ္တ+ပြည်သူ့နီတိဘာသာရပ်တွင် ကလေးသူငယ်အခွင့်အရေးနှင့် ဥပဒေစည်းမျဉ်းဆိုင်ရာအကြောင်းအရာ ထည့်သွင်းသင်ကြားလျက်ရှိပါ‌ကြောင်း၊ စာတွေ့သီအိုရီများနှင့် လက်တွေ့ပြုပြင်ပြောင်းလဲမှုများကို ချိတ်ဆက်ဖြည့်စွက် အသိပညာပေးဟောပြောပို့ချပေးခြင်းဖြင့် လိုအပ်သည့်ကွက်လပ်တစ်ခုဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကုလသမဂ္ဂကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ထဲတွင် အပိုဒ် ၂၈၊ ၂၉ ၌ ပညာရေးဆိုင်ရာအကြောင်းအရာများကို အလေးထားဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားပါကြောင်း၊ အမျိုးသားပညာရေးဥပဒေအခန်း(၂)တွင် ပညာရေးရည်မှန်းချက်များအနက် လူငယ်များကို တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်တဲ့ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံသားတွေပေါ်ထွန်းရန် ရည်ရွယ်ဖော်ပြထားပါ‌ကြောင်း၊ နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့်ကလေးများကို ပြုစုပျိုးထောင်ရာတွင် အဓိကကျသည့်ဆရာများအနေဖြင့် အသိပညာဗဟုသုတပြည့်ဝသည့်ဆရာများဖြစ်ရန်၊ လေ့လာမှတ်သားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီရွှေက ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာများ လွဲမှားစွာပြုကျင့်ခြင်း၊ လစ်လျူရှုမှုပြုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အကြမ်းဖက်ပြုခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းနှင့် အရေးယူတုံ့ပြန်ရန်တို့ကို အသိပညာပေးဟောပြောပြီး  တောင်ငူခရိုင်ဥပဒေအရာရှိဒေါ်ဖြိုးသိင်္ဂီက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကို အသိပညာပေးဟောပြောခဲ့သည်။


အဆိုပါ‌ အသိပညာပေးဟောပြောပွဲသို့  တောင်ငူပညာရေးဒီဂရီကောလိပ်မှ ပထမနှစ်(ပထမနှစ်ဝက်)၊ ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်  ဒုတိယနှစ်(ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၇၂၇)ဦး တက်‌ရောက်ခဲ့ကြပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ်စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)