ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး






MNP  -   ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ အခြေခံပညာစာသင်ကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်သောင်းညွန့်က မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ် များကို ရှင်းလင်း ဆွေးနွေးဟောပြောသည်။


ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် "လူငယ်နှင့် စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် အားလပ်ချိန်များတွင် မိမိဘဝအကျိုးရှိစေမည့် သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆင်ခြင်သတိပြုရမည့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများပါဝင်သည့် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး အသိပညာပေးနံရံကပ် စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။   


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)