ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံစိုက်ပျိုးမည့် တောင်သူများအား အချိန်မီစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံစိုက်ပျိုးမည့် တောင်သူများအား အချိန်မီစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေး


MNP  -   ဇန်နဝါရီ ၂၅

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း နွေစပါးသီးနှံဧက တစ်သောင်းခွဲ လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ရာ ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စုသို့ သွားရောက်ပြီး ဒေသခံတောင်သူများကို နွေစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် မိမိတို့မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးစိုက်ဧကတစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများ တစ်ဦးချင်းအလိုက် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ယခုကဲ့သို့ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့စီမံကိန်းရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးတောင်သူများ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး တောင်သူတစ်ဦးလျှင် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်းကုန်ကျစရိတ်အတွက် ငွေကျပ် (၂)သိန်းနှုန်းစီ ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်၊ ယင်းထုတ်ချေးငွေအား နွေစပါးသီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဒေသခံတောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တင်ပြဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က နွေစပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေး လိုက်နာ ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လျာထားနွေစပါးစိုက်ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရေး ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၁၅၀၀၀ ဧက စိုက်ပျိုးထုတ်လုပ်ခြင်းကို ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ဒေသခံတောင်သူဦးရေ ၅၂၇၃ ဦး၏ မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ စပါးစိုက်လယ်မြေ ကွင်းပေါင်း ၇၉ ကွင်းတွင် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရပြီး တစ်မြို့နယ်လုံး နွေစပါးစိုက်ဧကအနေဖြင့် ၂၉၅၄၈ ဧက စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)