MNP - ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို တောင်ကုတ် တက္ကသိုလ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
အားကစားပြိုင်ပွဲများအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများ၏ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ ဆုရရှိကြသည့် အသင်းများသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်သည်။
ထို့အတူ တောင်ကုတ်တက္ကသိုလ်နှင့် မြို့ပေါ်ရပ်ကွက်များနှင့် ကိုင်းရှည်ကျေးရွာ၊ ဝက်ကျိတ်ကျေးရွာ များတွင် (၁၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ ၊ မူလတန်းကြိုအရွယ်ကလေးငယ်များ၏ မုန့်စားပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အမျိုးသမီးကြီးများ စကောရွက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အားပေးကြည့်ရှုကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက် ရှိခဲ့ပြီး ညနေပိုင်းတွင် တောင်ကုတ်မြို့ ကမ်းနားလမ်းရှိ (We Love Taung goke) ရှုခင်းသာ နေရာတွင် ဂီတဝါသနာရှင်လူငယ်များ၏ စတိတ်ရှိုးတေးသံသာများဖြင့် တင်ဆက် လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment