MNP - ဇန်နဝါရီ ၁၄
နေပြည်တော်ကောင်စီနယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါဝင်သည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက်နေ့လယ်ပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်၊ မြို့နယ်အဆင့်စိုက်ပျိုးရေးဦးစီးဌာနမှူးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာသော Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် မိမိတို့ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းတာဝန်များကိုအခြေခံ၍ ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်နှင့် စီမံကိန်းများကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီ မြို့နယ်ရှစ်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း ၂၃၀ ကျော်တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာနှစ်အလိုက်တိုးချဲ့ဆောင်ရွက်သွားမည့် နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးလုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးရာသီအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် စီးပွားရေးတွက်ခြေကိုက်သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် အချိတ်အဆက်မိမိဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment