(၇၅) နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ ၉

(၇၅) နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူး ဆု ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။


(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့သည် ထူးခြားလေးနက်ပြီး ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် နိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ (၇၅) နှစ် စိန်ရတုတိုင် ဖြတ်သန်းခဲ့ရသည့် လွတ်လပ်ရေး၏ အနှစ်သာရများ၊ သမိုင်းမှတ်တမ်း တစ်လျှောက် အစဉ်အလာ ကြီးမားခဲ့သည့် လွတ်လပ်ရေးနေ့၏ ပုံရိပ်များနှင့် လွတ်လပ်ရေးကြီးကို ထိန်းသိမ်း စောင့်ရှောက်မည် ဆိုသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များ ကို ပြည်သူလူထုများ၊ လူငယ် လူရွယ်များအကြားတွင် သိမြင်ပြီး စိမ့်ဝင်ပျံ့နှံ့စေရန် ယင်းဆောင်းပါး ပြိုင်ပွဲကို ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


ဆောင်းပါးပြိုင်ပွဲသို့ မြန်မာ နိုင်ငံအရပ်ရပ်မှ စာပေပညာရှင်များနှင့် ဝါသနာရှင် ၉၆ ဦးတို့က ဆောင်းပါး ၉၆ ပုဒ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆောင်းပါးများကို မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ စာပေ ပညာရှင်ကြီးများက ဆုစိစစ် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။


ဆုချီးမြှင့်ပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်းနှင့် ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ရည်ရွယ်ချက် ကောင်းမွန်သည့် ဆောင်းပါးပြိုင်ပွဲ များကို ကျင်းပခြင်းဖြင့် ပြည်သူလူထုအတွင်း မိမိနိုင်ငံအပေါ် တန်ဖိုးထား ဂုဏ်ယူလိုစိတ်များ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လေးစားတန်ဖိုး ထားလိုစိတ်များ၊ ဇာတိသွေး ဇာတိမာန် ထက်သန်စိတ်များ ပျံ့နှံ့လာမည်ဟု ယုံကြည်ပါကြောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များကို ဂုဏ်ပြုချီးမြှင့်ရင်း နောင်နှစ်များတွင်လည်း ပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်လိုပါကြောင်းနှင့် ပြိုင်ပွဲဝင်ဆောင်းပါးများမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်ရေး၏ တန်ဖိုးနှင့်လွတ်လပ်ရေး၏ အနှစ်သာရများကို ထင်ဟပ်ဖော်ကျူးနိုင်အောင် ဆက်လက်ရေးသားဖန်တီးပေးကြ စေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဆောင်းပါးပြိုင်ပွဲ တွင် အထူးဆု (၅)ရရှိသူ ဦးသန်း ကျော် ကလောင်အမည် မောင် (ပုလဲမြေ) အား နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးကလည်း ကောင်း၊ အထူးဆု (၄)ရရှိသူ ဦးဆန်းဦး ကလောင်အမည် မင်းလပြည့်(ဟားခါး)နှင့် အထူး ဆု (၃) ရရှိသူ ဦးသန်းနိုင် ကလောင်အမည် မင်းသန်းနိုင် (မုဒုံ)တို့အား ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းကလည်း ကောင်း၊ အထူးဆု (၂)ရရှိသူ ဦးကျော်ကျော် ကလောင်အမည် မနောသစ်(ပခုက္ကူ)နှင့် အထူးဆု (၁)ရရှိသူ ဦးတင်ကိုဝင်း ကလောင်အမည် တင်ကိုဝင်းတို့ အား ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းကလည်းကောင်း ဆု များ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ “ချိန်ခါယခု စိန်မဟာရတု လွတ်လပ်ရေး အားလုံးစုံညီ ပါဝင်ဆင်နွှဲပေး” ဆောင်းပါးဖြင့် တတိယဆုရရှိသူ ဦးစိန်ဝင်း ကလောင်အမည် ရင်ငြိမ်းအေး (မေတ္တာမြေ)နှင့် “မြန်မာနိုင်ငံ၏ အနာဂတ်လှပဖို့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စို့” ဆောင်းပါးဖြင့် ဒုတိယဆုရရှိသူ ဒေါ်လှလှမြင့် ကလောင်အမည် ငြိမ်းချမ်းမေတို့ အား ဒုတိယဝန်ကြီး ဦးဇော်ဝင်းက လည်းကောင်း၊ “ပြည်ထောင်စု အမွေ အမြဲတည်တံ့စေ ထိန်းသိမ်း စို့လေ” ဆောင်းပါးဖြင့် ပထမဆု ရရှိသူ ဗိုလ်ကြီးညွန့်ဝင်း (ငြိမ်း) ကလောင်အမည် ဘုန်းမောင်ဝင်း (ဖျာပုံ) အား ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ဆုရရှိသူများ ကိုယ်စား ပထမဆုရရှိသည့် ဗိုလ်ကြီးညွန့်ဝင်း (ငြိမ်း) က ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များသည် ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)