ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး ဆောင်းကြက်သွန်နီ အားထားစိုက်ပျိုး လုပ်ကိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး ဆောင်းကြက်သွန်နီ အားထားစိုက်ပျိုး လုပ်ကိုင်


MNP  -  ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံအဖြစ် ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စိုက်ဧက ၁၀၀၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၁၁၂၄ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ် လျာထားဧကထက် ၁၁၂ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီဈေးနှုန်းများ ကောင်းမွန်နေမှုကြောင့် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။


"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ ဆောင်းသီးနှံကြက်သွန်နီကို တစ်မြို့နယ်လုံး စိုက်ဧက ၁၀၀၂ ဧက လျာထား စိုက်ပျိုးခဲ့ရာမှာ အမှန်တကယ် မြေပြင်စိုက်ပျိုးနိုင်မှုဧက ၁၁၂၄ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ဧက ၁၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကြက်သွန်စိုက်တောင်သူတွေ အရှုံးနဲ့ ကြုံတွေ့ခဲ့ရတော့ ယခုနှစ် ကြက်သွန်ဈေး ပြန်လည်မြင့်တက်လာချိန်မှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် အားထား စိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူကိုလည်း ၃၄ ဧက စိုက်ပျိုးထားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဒေသခံတောင်သူတွေ ဆောင်းကြက်သွန်နီ စိုက်ပျိုးရာမှာ အထွက်နှုန်းကောင်းဖို့အတွက် စိုက်ပျိုးနည်းစနစ်နဲ့ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအပြင် သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်များကို အသိပညာပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုလက်ရှိမှာ ကြက်သွန်နီဈေးက အလုံးအကြီးအသေးပေါ် မူတည်ပြီး တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ကျော်မှ ၃၀၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပြီး ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီမှာ အလုံးလှပြီး ဈေးကွက်၌ အရောင်းအဝယ်ကောင်းမွန်တဲ့အတွက် မကွေး၊ မင်းဘူးကြက်သွန်စိုက်ပျိုး တောင်သူများသည ် မြို့နယ်များသို့ ရောင်းချရသည့်အပြင် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကြက်သွန်နီကုန်သည်ပွဲစားများက ကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် ကုန်တင်ကားကြီးတွေနဲ့ ဈေးကောင်းပေး ဝယ်ယူကြသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)