၂၀၂၂-၂၀၂၃ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပ




MNP  -   ဇန်နဝါရီ ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲ (တိုင်းဒေသကြီး အဆင့်)ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားမောင်မယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်‌ရေးနှင့်ပညာရည်မြင့်မားရေး” သည် ဦးတည်ချက်တစ်ရပ်ဖြစ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းတစ်ခုအနေဖြင့် ကျောင်းသားအားကစားပွဲတော်များအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ လက်ရွေးစင် အားကစားသမားများ၏ (၈၀)ရာခိုင်နှုန်းသည် ကျောင်းသားအားကစားပြိုင်ပွဲများမှ ပေါ်ထွက်လာခြင်း ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးစီး၍ ၂၀၂၂-၂၀၂၃ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အစရှိသည့် အားကစားနည်း(၄)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်ကို ပထမဦးစွာ ကျင်းပရခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အနိုင်အရှုံးကို အဓိကမထားဘဲ အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွက်ဆိုခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အားကစားပစ္စည်းများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။


ထို့နောက် ဘင်ခရာနှင့်ပန်းပွားအဖွဲ့မှ သရုပ်ပြတင်ဆက်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းနှင့် မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားပွဲတော်ကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အစရှိသည့် အားကစားနည်း(၄)မျိုးဖြင့် (၃၁.၁၂.၂၀၂၂)ရက်နေ့မှ (၃.၁.၂၀၂၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)