MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာတို့ ပူးပေါင်း၍ အသိပညာ ပေးဟောပြောခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အဆိုပါအသိပညာပေးဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်က ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြသနာသည် ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ် ရေး အသိပညာပေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်မှသာ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်နှင့် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည့်အတွက် မိမိတို့ပတ်ဝန်ကျင်ရှိ လူငယ်များ အနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားစေလိုကြောင်းနှင့် နောက်တစ်ချိန်တွင် အနာဂတ်၏ သားကောင်းရတနာများဖြစ်စေရန် ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး အဓိပ်ပါယျ၊ မြို့နယ်အတွင်း မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များအား ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် လူငယ်ပြုပြင် ပျိုးထောင်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်လင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ အသိပညာဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment