MNP - ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း နဝဒေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(တွင်းကုန်း) ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် ပန်းတိုင်းပွင့်မည် မြန်မာပြည်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ပညာရည်ချွန်ဆု၊ စာပေ၊ ဂီတ၊ ကာယ၊ ဉာဏ ဆုများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဆက်လက်ကပြ တင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံကျောင်းများမှ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment