မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း နွားမျိုးကောင်းမျိုးသန့်များပျံ့ပွားစေရေး မေထုံမဲ့သားစပ်နည်းဖြင့်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း နွားမျိုးကောင်းမျိုးသန့်များပျံ့ပွားစေရေး မေထုံမဲ့သားစပ်နည်းဖြင့်ဆောင်ရွက်ပေး



MNP   -   ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီဌာနက ဒေသတွင်းမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း မျိုးသန့်များ ပျံ့ပွားစေရေးအတွက် မေထုံမဲ့သားစပ်နည်းဖြင့် ဒေသနွားမျိုးများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်များ ကျန်းမာရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအပြင် နွားစာအဖြစ် အာဟာရပြည့်ဝသော နွားစာနေဗီယာမြက်များ စနစ်တကျ စိုက်ပျိုးနိုင်စေရန် နည်းပညာများဖြန့်ဝေပေးခြင်းနှင့် လယ်ယာလုပ်ငန်းခွင်များတွင် အသုံးပြုနေသည့် ဒေသနွားမျိုးများဖြစ်သော နွားရွှေနီမျိုးများကို မျိုးသန့်ပျံ့ပွားစေရေး မေထုံမဲ့သားစပ်နည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။


“ကျွန်တော်တို့မြို့နယ်မှာ မျိုးသန့်နွားမွေးမြူရေးခြံအတွက် မြေတစ်ဧကနှင့် နွားစာစိုက်ပျိုးရန်အတွက် မြေ ၁၀ ဧက အသုံးပြုထားကြောင်း၊ လက်ရှိ နွားမျိုးသန့် အကောင်ရေအားဖြင့် ၇၈ ကောင်ရှိပြီး နွားစာအဖြစ် နေဗီယာမြက်နှင့် ဗာတီဗာမြက်မျိုးများကို စိုက်ပျိုးမွေးမြူပြီး ကျွေးမွေးထားကြောင်း၊ နွားမွေးမြူရာ၌ နံနက်ခင်းပိုင်းတွင် စာကျက်မြေများ၌ သဘာဝအတိုင်း လွှတ်ကြောင်းထားပြီး နေ့ခင်းပိုင်တွင် စိုက်ပျိုးထားသောမြက်များကို ဖြည့်စွက်စာအဖြစ် ပြန်လည် ကျွေးမွေးထားကြောင်း၊ ဒေသတွင်း နွားမျိုးကောင်း မျိုးသန့်များ ပျံ့ပွားစေရေးနှင့် နွားမွေးမြူရေးလုပ်ငန်းများကို အထောက်အကူ ဖြစ်စေရေး ဒေသနွားမျိုးများကို ပြန်လည်မြှင့်တင် ဆောင်ရွက်ပေးသည့်အနေဖြင့် နွားမွေးမြူရေးခြံတွင် မေထုံမဲ့သားစပ်နည်းဖြင့် အောင်မြင်နေသော နွားပေါက်မျိုးများကို စိတ်ဝင်စားသော ဒေသခံတောင်သူများအားခေါ်ပြပြီး နွားရွှေနီးမျိုးသန့် နွားများဖြင့် သားစပ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း” မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မြင့်က ပြောသည်။


မင်းဘူး(စကု)မြို့နယ်ရှိ ဒေသတွင်းနွားများမှာ ပေါင်ပုပ်၊ လက်ပုပ်နှင့် ခွာနာ၊ လျာနာ ရောဂါများ အဖြစ်များပြီး ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရန် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ မွေးမြူရေးနှင့်ကုသရေးဆရာဝန်များက ဒေသအလိုက်ဖြစ်ပွားတတ်သော အချိန်ကာလများတွင် ကြိုတင်ကာကွယ်ဆေးများကို ကွင်းဆင်းပြီးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)