ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် မြေပဲဆီနှင့်နှမ်းဆီ ကြိတ်ခွဲရောင်းချသူများ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် မြေပဲဆီနှင့်နှမ်းဆီ ကြိတ်ခွဲရောင်းချသူများ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေ



MNP  -  ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို (နွေ၊ မိုး ၊ဆောင်း) တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများတွင် မြေပဲနှင့် နှမ်းသီးနှံကို တစ်ပိုင်တစ်နိုင် ဆီကြိတ်ခွဲရောင်းချရာ ဝယ်ယူစားသုံးသူများသည့်အပြင် ဈေးကောင်းလည်းရရှိနေ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။


"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသမှာ အညာကျေးလက်နေတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း ၊ နေကြာနဲ့ ပန်းနှမ်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလို သီးနှံပေါ်ချိန်မှာ ဆီသန့်သန့် စားသုံးချင်ကြတဲ့ ပြည်သူများကို တစ်ပိုင်တစ်နိုင် ဆီကြိတ်ခွဲရောင်းချပေးပါတယ်။ မိုးဦးနှမ်းတွေ ပေါ်ဦး ပေါ်ဖျားမှာတုန်းက နှမ်းဆီတစ်ပိဿာကို ငွေကျပ် ၁၁၅၀၀ ဈေးနဲ့ ရောင်းချခဲ့ရပြီး၊ ဒီရက်ပိုင်းမှာတော့ နှမ်းဆီတစ်ပိဿာကို ငွေကျပ် ၁၂၅၀၀ ဈေးနဲ့ ရောင်းချနေရလို့ အညာကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် နှမ်းဆီကြိတ်ခွဲရောင်းချသူတွေ လုပ်ငန်းအဆင်ပြေပါတယ်ဗျ။ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းလဲ ကောင်းတယ်ဗျ။ မြေပဲမှာတော့ သုံးလမြေပဲကိုသာ အများဆုံးစိုက်ပျိုးကြပြီး နှမ်းသီးနှံကတော့ နှမ်းဖြူ ၊ စမုံနက်  သိပ္ပံနှမ်းနက်၊ ရေဆင်း-၁၄ နှမ်းမျိုးများကို စိုက်ပျိုးကြတယ်။ ဆီကြိတ်ခွဲ ရောင်းချရာမှာ မြေပဲနဲ့ နှမ်းဖြူကိုသာ အများဆုံး ကြိတ်ခွဲရောင်းချကြပြီး မြေပဲဆီက တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ ဈေးနဲ့ ရောင်းချတယ်။ နှမ်းဆီကတော့ သစ်သားဆုံနဲ့ ကြိတ်တဲ့ဆီတစ်ပိဿာကို ငွေကျပ် ၁၄၀၀၀ ဈေး ဖြစ်ပြီး စက်ကြိတ်ဆီဆိုရင် တစ်ပိဿာကို ငွေကျပ် ၁၂၅၀၀ ဈေးနဲ့ ရောင်းချပေးပါတယ်။  ကျွန်‌တော်တို့ဒေသထွက် မြေပဲဆီးနဲ့ နှမ်းဆီကို မကွေး၊ မင်းဘူး၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့တွေက ဒေသခံပြည်သူများက ဆက်သွယ်မှာယူပြီး ဝယ်ယူအားပေးကြလို့ အရောင်းအဝယ်ကောင်းလို့ တစ်ပိုင်တစ်နိုင် မြေပဲဆီနဲ့ နှမ်းဆီကြိတ်ခွဲရောင်းချသူများ လုပ်ငန်းအဆင်ပြေလျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြသည်။


ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများက ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ မနောသုခ စသည့် စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြသည့်အပြင် ပြည်တွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက်ကိုလည်း နှမ်း၊ မြေပဲ၊ နေကြာသီးနှံနှင့် ပန်းနှမ်းကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။  


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)