မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်နှင့် ဆံကေသာအလှပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်နှင့် ဆံကေသာအလှပြိုင်ပွဲ ကျင်းပ



MNP   -   ဇန်နဝါရီ   ၂၈

မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ မျိုးဆက်သစ်‌ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်များ မွေးထုတ်ပေး နိုင်ရေး၊ မြန်မာအမျိုးသမီးများ  ဆံကေသာကို တန်ဖိုးထား ထိန်းသိမ်းနိုင်စေရေးအတွက် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှု မယ်နှင့် ဆံကေသာအလှပြိုင်ပွဲကို ဇန်နဝါရီ(၂၇)ရက် နေ့လယ်ပိုင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ခဲ့သည်။


“ကာယဗလမောင်နဲ့ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲက အားကစားကဏ္ဍ ဖွံ့ဖြိုးရေး အထောက် အကူဖြစ်စေဖို့   မြိတ်တက္ကသိုလ်မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား/သူတွေ ကိုယ်ခန္ဒာ ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့အပြင် တကိုယ်ရည်သန့်ရှင်းမှုကိုလည်း အလေးထားဆောင် ရွက်နိုင်စေဖို့ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ပြီး ဆံကေသာအလှ ပြိုင်ပွဲအနေနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ကောင်းခြင်း(၅)ပါးထဲမှာ  တစ်ခုအပါအဝင်ဖြစ်တဲ့ ဆံကေသာအလှကို ထိန်းသိမ်းနိုင်ဖို့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စေဖို့အတွက် ပြိုင်ပွဲကျင်းပခြင်းဖြစ်ပါတယ်” ဟု မြိတ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း က ပြောသည်။


 ဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်အနု ပညာအသင်းမှ ကျောင်းသား/သူများက “ဖိတ်လျက်ကြိုနေ မြိတ်တက္ကသိုလ်မြေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် ကာယဗမောင်ပြိုင်ပွဲတွင် စိတ်ကြိုက်ကိုယ်ဟန်များနှင့် သတ်မှတ်ကိုယ်ဟန်(၇)မျိုး၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင်   စိတ်ကြိုက်ကိုယ်ဟန်များနှင့်  သတ်မှတ်ကိုယ်ဟန်(၄)မျိုးနှင့် ဆံကေသာအလှပြိုင်ပွဲတွင် ဆံကေသာအလှများကို ပဏာမ ယှဉ်ပြိုင်ခဲ့ကြသည်။


ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်နှင့် ဆံကေသာအလှများကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူ များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲများ ကျင်းပနေစဉ် တက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများက အဆိုအကများဖြင့် ဖျော်ဖြေ တင် ဆက်ခဲ့ကြပြီး ဆန်ကာတင်ရွေးချယ်ခံရသည့် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုမယ်များက စိတ်ကြိုက် ကိုယ်ဟန် များနှင့်  သတ်မှတ်ကိုယ်ဟန်များနှင့် ဆံကေသာအလှများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။


ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသူများနှင့် နည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ၊ နှစ်သိမ့်ဆု၊ တတိယနှင့် ဒုတိယဆုရရှိကြသော ကျောင်း သား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ကာယဗလမောင် ပြိုင်ပွဲတွင် ပထမရရှိသူအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော် က ပထမဆု ပေးအပ်ချီးမြှင့်ပြီး ကာယကြံ့ခိုင်မှုမယ်နှင့် ဆံကေသာအလှပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသူများအား မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)