MNP - ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ တောင်ရိုးတန်းတွင် တည်ထား ကိုးကွယ်တော်မူသော ရှေးဟောင်းဘုရား (၁၆)ဌာန သမိုင်းဝင် စေတီတော်များအနက်၊ သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ရှစ်ပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဆောင်ရွက်ကာ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရား နာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက် စေတီတော်ကို လက်ယာရစ် သုံးပတ်လှည့်လည်ပင့်ဆောင်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီးအပေါ်သို့ပင့်ဆောင်ကာ၊ ဆရာတော်ကြီးများ အမှူးပြုသည့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို တင်လှူပူဇော်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment