MNP - ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် က ပေါင်မြို့နယ် အခြေခံပညာမူလတန်းလွန် ကဒါကမ်းနားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များမှပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment