မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း နယ်မြေ မီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း နယ်မြေ မီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့






MNMP -  ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသတွင်း မီးလောင်မှုအကြိမ်ရေ လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရေးနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင် စေရေးတို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း နယ်မြေမီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သိရသည်။


ထို့သို့ဆောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် မကွေးမြို့နယ် မကွေးနယ်မြေမီးသတ်စခန်း၊ ကံပြားနယ်မြေ မီးသတ်စခန်း၊ မြင်ကွန်းနယ်မြေမီးသတ်စခန်း၊ မင်းဘူး(စကု)မြို့နယ် ကျောက်စံနယ်မြေမီးသတ်စခန်း၊ ပခုက္ကူမြို့နယ် အရာတော်နယ်မြေမီးသတ်စခန်း၊ အောင်လံမြို့နယ် မိုးကောင်းနယ်မြေမီးသတ်စခန်း၊ မြို့လှနယ်မြေမီးသတ်စခန်း၊ မင်းလှမြို့နယ် ရှမ်းတပ်နယ်မြေမီးသတ်စခန်းနှင့် စလင်းမြို့နယ် သရက်တောနယ်မြေမီးသတ်စခန်း၊ စုစုပေါင်း နယ်မြေမီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ပေး နိုင်ခဲ့ကြောင်း သိရသည်။


“မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စတဲ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေနဲ့ တိုင်းဒေသကြီးအတွင်းမှာ နယ်မြေမီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တာပါ။ ယခုလို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် နယ်မြေမီးသတ်စခန်းတွေအနေနဲ့ ကွန်ယက်ကျယ်ပြန့်လာပြီးတော့ စခန်းအနီးတစ်ဝိုက်ရှိ ဒေသအားလုံးကိုလွှမ်းခြုံကာ မီးဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ အနီးစပ်ဆုံး နယ်မြေမီးသတ်စခန်းတွေမှစတင်ပြီး အမြန်ဆုံးထွက်ခွာငြှိမ်းသတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။”ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးလိုင်ကပြောသည်။


မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၊ မြို့နယ် (၂၅)ခုတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး (၁)ရုံးအပါအဝင် ခရိုင်မီးသတ်ဦးစီးမှူးရုံး (၇)ရုံး၊ ခရိုင်မီးသတ်စခန်း (၇)ခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး (၂၅)ရုံး၊ မြို့နယ်မီးသတ်စခန်း (၂၅)ခုနှင့် နယ်မြေမီးသတ်စခန်း (၆၉)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)