ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ဘီလာရုစ်နိုင်ငံ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ဘီလာရုစ်နိုင်ငံ)



ဘီလာရုစ်နိုင်ငံသည် အရှေ့ဥရောပတွင်ရှိသော ကုန်းတွင်းပိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်တွင်  ရုရှားနိုင်ငံ၊ တောင်ဘက်တွင် ယူကရိန်းနိုင်ငံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် လစ်သူယေးနီးယား နိုင်ငံနှင့် လတ်ဗီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး နယ်နိမိတ်အရှည်မှာ စုစုပေါင်း ၃၀၉၈ ကီလိုမီတာ (၁၉၂၅ မိုင်)ဖြစ်သည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ ဧရိယာ၂၀၇၆၀၀ စတုရန်းကီလိုမီတာ (၈၀၂၀၀ စတုရန်းမိုင်)ဖြစ်သည်။ လူဦးရေ ၉ ဒသမ ၄၁ သန်းရှိသည်။ ဘီလာရုစ်နိုင်ငံ၏ ရုံးသုံးဘာသာစကားများမှာ ဘီလာရုစ်ဘာသာစကားနှင့် ရုရှားဘာသာစကားတို့ဖြစ်သည်။ ဘီလာရုစ်နိုင်ငံတွင် စုစုပေါင်းလူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ဘီလာရုစ်လူမျိုးများဖြစ်ကြပြီး ကျန်လူမျိုးမှာ ရုရှား၊ ပိုလန်နှင့် ယူကရိန်းလူမျိုးများ ဖြစ်ကြသည်။ နိုင်ငံကို ဒေသခုနစ်ခုပိုင်းခြား၍ အုပ်ချုပ်သည်။ ဘီလာရုစ်နိုင်ငံ၏မြို့တော်မှာ မင့်(Minsk)မြို့ ဖြစ်သည်။


နိုင်ငံသမိုင်းအကျဉ်း


ဘီလာရုစ်နိုင်ငံသည် ၂၀ ရာစုနှစ်အထိ Principality of Polotsk၊ Grand Duchy of Lithuania၊ ရုရှား အင်ပါယာနှင့် Polish-Lithuanian Commonwealth စသော အခြားသောတိုင်းပြည်များ၏ နယ်မြေဖြစ်ခဲ့သည်။ ရုရှားတော်လှန်ရေးပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စုဝင် သမ္မတနိုင်ငံတစ်ခုဖြစ်လာသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်  ၁၉၉၁ ခုနှစ်   သြဂုတ် ၂၅ ရက် တွင် လွတ်လပ်ရေးကို ကြေညာခဲ့သည်။


ဥပဒေပြုရေး


ဥပဒေပြုအာဏာကို   အမျိုးသားလွှတ်တော်(National Assembly)က ကျင့်သုံးသည်။ အမျိုးသားလွှတ်တော်တွင် လွှတ်တော် နှစ်ရပ်ပါဝင်သည်။ ၎င်းတို့မှာ အောက်လွှတ်တော်  (The House of Representatives )နှင့်အထက်လွှတ်တော် (The Council of the Republic) ဖြစ်သည်။ လွှတ်တော်သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ အောက်လွှတ်တော်သည် ဥပဒေကြမ်းများကို သုံးသပ်ခြင်း၊ သမ္မတရွေးကောက်ပွဲများခေါ်ယူခြင်း၊ နိုင်ငံတော်သမ္မတ၏ ထောက်ခံချက်ဖြင့် ဝန်ကြီးချုပ် ခန့်အပ်ခြင်းအား အတည်ပြုခြင်း၊ အစိုးရ၏လုပ်ဆောင်ချက်များအား အကဲဖြတ်ခြင်းတို့ကို  ဆောင်ရွက်သည်။  အမျိုးသားလွှတ်တော် သည် နှစ်စဉ်ပုံမှန် အစည်းအဝေး နှစ်ကြိမ်ကျင်းပသည်။  ပုံမှန်မဟုတ်သည့် အစည်းအဝေးများကို သမ္မတအမိန့်ဖြင့် ခေါ်ဆိုနိုင်သည်။


အထက်လွှတ်တော်သည် အောက်လွှတ်တော်က တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသော ဥပဒေကြမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် မွမ်းမံခြင်း၊ ပြင်ဆင်မွမ်းမံပြီးသော ဥပဒေကြမ်းများကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို ဆောင်ရွက်သည်။


အုပ်ချုပ်ရေး


အုပ်ချုပ်ရေးအာဏာကို ဗဟိုအစိုးရဝန်ကြီးများကောင်စီမှ ကိုင်တွယ်ကျင့်သုံးသည်။ အောက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဘီလာရုစ်သမ္မတက ခန့်အပ်ထားသောဝန်ကြီးချုပ်များက ဦးဆောင်သည်။


တရားစီရင်ရေး


တရားစီရင်ရေးကဏ္ဍတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးနှင့်အထွေထွေတရားစီရင်ရေးဆိုင်ရာ တရားရုံးများဟူ၍ နှစ်မျိုး ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို အဆင့်မြင့်ဥပဒေရေးရာ ကျွမ်းကျင်သူ ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီး ခြောက်ဦးကို ဘီလာရုစ်သမ္မတက ခန့်အပ်ထားပြီး ကျန်ခြောက်ဦးကို အထက်လွှတ်တော်က ရွေးကောက် တင်မြှောက် ထားသည်။


တရားရုံးဥက္ကဋ္ဌအား အထက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဘီလာရုစ်သမ္မတက တိုက်ရိုက်ခန့်အပ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး တရားသူကြီးတစ်ဦး၏ ရာထူးသက်တမ်းမှာ ၁၁ နှစ်ဖြစ်သည်။ အထွေထွေတရားစီရင်ရေးဆိုင်ရာ တရားရုံးချုပ်သည် အထွေထွေ တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးများ၏ စနစ်ကို ဦးဆောင်ပြီး အရပ်ဘက်၊ ရာဇဝတ်မှု၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အမှုအခင်းများအတွက် အမြင့်ဆုံးတရားစီရင်ရေး အဖွဲ့အစည်းဖြစ်သည်။ ဘီလာရုစ်တွင် အထူးတရားရုံးများ ဖွဲ့စည်းခြင်းကို တားမြစ်ထားသည်။


ဗဟိုရွေးကောက်ပွဲကော်မရှင်


ဘီလာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Election Commission-CEC) ကို Supreme Soviet of the Byelorussian SSR မှ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်မရှင်ကို နိုင်ငံတော် သမ္မတနှင့် အထက်လွှတ်တော်တို့က ဖွဲ့စည်းသည်။  ဗဟိုရွေးကောက်ပွဲကော်မရှင်ကို  ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါ စုစုပေါင်းအဖွဲ့ဝင် ၁၂ ဦးဖွဲ့စည်းထားပြီး အဖွဲ့ဝင် ခြောက်ဦးကို နိုင်ငံတော်သမ္မတကခန့်အပ်၍ ကျန်အဖွဲ့ဝင် ခြောက်ဦးကို အထက်လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ အထက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ကော်မရှင်အဖွဲ့ဝင် များထဲမှ နိုင်ငံတော်အကြီးအကဲက ခန့်အပ်သည်။  ပထမအကြိမ်အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ကော်မရှင် အဖွဲ့ဝင်များထဲမှ ရွေးချယ်တင်မြှောက်သည်။ သာမန်အားဖြင့် ဗဟိုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲကျင်းပရေးနှင့် ဆန္ဒခံယူပွဲ ကျင်းပရေးတို့တွင် အတွေ့အကြုံများရှိသည့် တရားစီရင်ရေးဆိုင်ရာ ပညာအရည် အချင်းမြင့်မားသော နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ  ငါးနှစ်ဖြစ်သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက် များကို ရွေးကောက်ပွဲ ဆိုင်ရာကျင့်ထုံးဥပဒေနှင့် ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများဖြင့် ထိန်းချုပ်ထားသည်။


ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် (Territorial Election Commission-TEC)၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် (District Election Commission-DEC)၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (Precinct Election Commission-PEC) တို့ကို ဖွဲ့စည်းဆောင်ရွက် သည်။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ရွေးကောက်ပွဲမတိုင်မီ ၇၅ ရက်မှ ၈၅ ရက်အတွင်း ဒေသဆိုင်ရာအလုပ်အမှုဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များဖြင့် ဖွဲ့စည်းသည်။ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်များကို ရွေးကောက်ပွဲမတိုင်မီ ၄၅ ရက်အတွင်းဖွဲ့စည်းသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို နိုင်ငံရေး ပါတီများနှင့် အခြားအများပြည်သူအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအပြင် နိုင်ငံသားများကပါ အမည်စာရင်း တင်သွင်းနိုင်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ကိုးဦးမှ ၁၃ ဦး အထိ ဖွဲ့စည်းနိုင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်များကို ငါးဦးမှ ၁၉ ဦးအထိ ဖွဲ့စည်းနိုင်သည်။ ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အနည်းဆုံးသုံးပုံတစ်ပုံသည် နိုင်ငံရေးပါတီများနှင့်ပြည်သူ့အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရသည်။ အစိုးရဝန်ထမ်းဦးရေသည် ကော်မရှင်အဖွဲ့ဝင်များ၏ သုံးပုံတစ်ပုံထက် မပိုစေရပါ။ ကော်မရှင်တွင် တရားသူကြီးများ၊  အစိုးရရှေ့နေများ၊ ဒေသဆိုင်ရာအမှုဆောင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ အကြီးအကဲများမပါဝင်ပါ။


ရွေးကောက်ပွဲဆိုင်ရာ ကျင့်ထုံးဥပဒေ


ဘီလာရုစ်သမ္မတနိုင်ငံ၌ ရွေးကောက်ပွဲများပြင်ဆင်ခြင်းနှင့် ကျင်းပခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ၏ ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ထုံးဥပဒေတို့ဖြင့် ထိန်းကျောင်းသည်။ ဘီလာရုစ်သမ္မတနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာကျင့်ထုံးဥပဒေအား ၂၀၀၀ ပြည့် နှစ်တွင် အတည်ပြုခဲ့သည်။ ထိုအချိန်မှစ၍ အဆိုပါဥပဒေအား ၂၀၀၃ ခုနှစ်၊  ၂၀၀၆ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။


ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲစနစ်များ


ဘီလာရုစ်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲ၊  ဒေသန္တရရွေးကောက်ပွဲနှင့်   ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတို့ကို ကျင်းပသည်။  ဘီလာရုစ်နိုင်ငံသည် သမ္မတကို ငါးနှစ်သက်တမ်းအတွက် နှစ်ကျော့ပြန်စနစ်(Two RoundSystem) ဖြင့် ပြည်သူများမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။  ပထမအကျော့တွင်  မည်သည့်ကိုယ်စားလှယ်လောင်းမှ စုစုပေါင်းဆန္ဒမဲအရေအတွက် ၅၀ ရာခိုင်နှုန်းအထက် မရရှိပါက ဆန္ဒမဲအရေအတွက် အများဆုံးရရှိသောကိုယ်စားလှယ်လောင်းနှစ်ဦးက ဒုတိယအကျော့ကို နှစ်ပတ် အတွင်း ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယအကျော့တွင် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော်ရရှိသော ကိုယ်စားလှယ်လောင်းသည် ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ အထမြောက်ရန်အတွက် မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော် လိုအပ်သည်။  သမ္မတအဖြစ်  ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်   အနည်းဆုံး အသက် ၃၅ နှစ်အထက်ရှိသူ၊ ဘီလာရုစ်သမ္မတနိုင်ငံမှ   မွေးဖွားလာသူဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၂၀ နှစ် ဘီလာရုစ်တွင် အခြေချနေထိုင်သူဖြစ်ရသည်။ သမ္မတအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးသည် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆန္ဒရှင်များ၏ထောက်ခံလက်မှတ်အနည်းဆုံး ၁၀၀၀၀၀ စုဆောင်း ရမည်။ ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲများကို ငါးလထက် နောက်မကျစေဘဲ အောက်လွှတ်တော်က ကြေညာပြီး လက်ရှိ သမ္မတရာထူးမှရပ်စဲခြင်းမပြုမီ နှစ်လထက်နောက်မကျစေဘဲ တနင်္ဂနွေနေ့တွင် ကျင်းပရမည်ဖြစ်သည်။ သမ္မတရာထူး လစ်လပ်ပါက ရက်ပေါင်း ၃၀ ထက်မစောဘဲ လစ်လပ်သည့်နေ့မှစ၍ ရက်ပေါင်း ၇၀ ထက်နောက်မကျစေဘဲ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲများကို ၂၀၀၁ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။ နောက်ဆုံးကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်  သြဂုတ် ၉ ရက်တွင်ကျင်းပခဲ့သည်။ သမ္မတ ရွေးကောက်ခံ ပိုင်ခွင့်ကို သက်တမ်းဖြင့် ကန့်သတ်ထားခြင်းမရှိပါ။ လက်ရှိသမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Aleksandr Lukashenko)သည် ၆ ကြိမ်မြောက်ထိ ဆက်တိုက်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။


လွှတ်တော်ရွေးကောက်ပွဲ


လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲများကို လက်ရှိဆောင်ရွက်နေသည့် လွှတ်တော်အာဏာမရပ်စဲမီ ရက်ပေါင်း ၃၀ ထက် နောက်မကျဘဲ ကျင်းပရသည်။ လေးလထက်နောက်မကျစေဘဲ သမ္မတက သတ်မှတ်ပေးသည်။ အောက်လွှတ်တော်တွင် ကိုယ်စားလှယ် ၁၁၀ ဦးပါဝင်ပြီး ပြည်သူများမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အနည်းဆုံးအသက် ၂၁ နှစ်ပြည့် ပြီးသူ၊ ဘီလာရုစ်နိုင်ငံတွင် အခြေချနေထိုင်သူ၊ ပြစ်မှုကင်းရှင်းသူ၊ ဘီလာရုစ်နိုင်ငံသားတစ်ဦး ဖြစ်ရမည်။ အောက်လွှတ်တော် အမတ်များသည် တစ်ချိန်တည်းမှာပဲ အစိုးရအဖွဲ့ဝင်လည်း ဖြစ်နိုင်သည်။


အထက်လွှတ်တော်(The Council of the Republic)ကို ကိုယ်စားလှယ် ၆၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ရှစ်ဦးကို သမ္မတက တိုက်ရိုက်ခန့်အပ်၍ ကျန်အမတ် ၅၆ ဦးအား ဒေသခြောက်ခုစီနှင့် မင့်မြို့တို့မှ ဒေသန္တရကောင်စီများက လျှို့ဝှက်ဆန္ဒမဲပေးခြင်း စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ အထက်လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံရမည့် ကိုယ်စားလှယ်လောင်း  တစ်ဦးသည် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိရမည်ဖြစ်သည်။ ပထမအကျော့တွင်လိုအပ်သော ကိုယ်စားလှယ်လောင်း အရေအတွက် မရရှိပါက ဒုတိယအကျော့ကို ပြန်လည်ကျင်းပမည်ဖြစ်သည်။ အထက်လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အနည်းဆုံးအသက် ၃၀ နှစ်ပြည့်ပြီးသူ၊ ဘီလာရုစ်နိုင်ငံ၏ သက်ဆိုင်ရာဒေသတွင် အနည်းဆုံး ငါးနှစ် အခြေချနေထိုင်သူ၊ ပြစ်မှုကင်းရှင်းသူ၊ ဘီလာရုစ်နိုင်ငံသား  တစ်ဦးဖြစ် ရမည်။ လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၉၅ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။


မဲဆန္ဒနယ်သတ်မှတ်ခြင်း


လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်အတွက် (Electoral Districts) ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒနယ်ပေါင်း ၁၁၀ ခုကို ဖွဲ့စည်းသည်။ အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခုလျှင် ပျမ်းမျှမဲဆန္ဒရှင်ဦးရေကို လက်ရှိအောက် လွှတ်တော် သက်တမ်းမကုန်ဆုံးမီ ငါးလထက်နောက်မကျစေဘဲ ဗဟိုကော်မရှင်(CEC)က ဖွဲ့စည်းသည်။ လွှတ်တော်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်များကို ဒေသဆိုင်ရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၏ အဆိုပြုချက်အရ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းသည်။ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများစာရင်းကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာပြီး ပဉ္စမမြောက်နေ့ထက် နောက်မကျစေဘဲ ထုတ်ပြန်ရသည်။


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူ


အသက် ၁၈ နှစ်ပြည့်ပြီးသော ဘီလာရုစ်နိုင်ငံသားမည်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ဥပဒေအရ တရားရုံးမှ စိတ်ပေါ့သွပ်နေသူ အဖြစ် သတ်မှတ်ခြင်းခံရသူနှင့် ထောင်ဒဏ်ကျခံနေရသူတို့သည် ဆန္ဒမဲပေးပိုင်ခွင့်မရှိပါ။


မဲရုံများဖွဲ့စည်းခြင်း


မဲရုံတစ်ရုံကို မဲဆန္ဒရှင် ၂၀ ဦးမှ ၃၀၀၀ ဦး သတ်မှတ်ထားသည်။ မဲရုံများကိုဆေးရုံများ၊ စောင့်ရှောက်ရေးဂေဟာများ၊ ဆေးပေးခန်း များနှင့် အခြားသော ကျန်းမာရေးစောင့်ရှောက်ရေး စင်တာများတွင် ဖွင့်လှစ်ထားရှိပြီး တပ်တွင်းမဲရုံများလည်း ဖွင့်လှစ်ထားသည်။ ခရိုင်နှင့်မြို့(ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လက်အောက်ခံမြို့များ)များတွင် မဲရုံများဖွဲ့စည်းခြင်းကို ခရိုင်နှင့်မြို့နယ် အလုပ်အမှုဆောင် ကော်မတီများမှဆောင်ရွက်ပြီး ခရိုင်လက်အောက်ခံမြို့များတွင် မဲရုံများဖွဲ့စည်းခြင်းကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ ဆောင်ရွက်သည်။ စစ်ဘက်ဆိုင်ရာယူနစ်များတွင် မဲရုံများကို တပ်မတော်တပ်ဖွဲ့မှူးများ၏ အဆိုပြုချက်အတိုင်း တူညီသော အစီအစဉ်ဖြင့် ဖွဲ့စည်းသည်။ဘီလာရုစ်သမ္မတနိုင်ငံ ပြင်ပနိုင်ငံရပ်ခြားတွင် နေထိုင်သည့် ဘီလာရုစ်သမ္မတနိုင်ငံ နိုင်ငံသားများအတွက် မဲရုံများကို သက်ဆိုင်ရာနိုင်ငံများရှိ ဘီလာရုစ်သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး အကြီးအကဲများဖြင့် ဖွဲ့စည်းထားသည်။ မဲပေးမည့် နေရာများကို ရွေးကောက်ပွဲမတိုင်မီ နှစ်လထက်နောက်မကျဘဲ ဖွဲ့စည်းရသည်။ မဲရုံတစ်ရုံချင်းစီ၏ တည်နေရာများနှင့် ပတ်သက်၍ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲမကျင်းပမီ ၁၀ ရက် ထက်နောက်မကျဘဲ အသိပေးအကြောင်းကြားသည်။


မဲစာရင်းပြုစုခြင်း


ရွေးကောက်ပွဲတွင်  ပါဝင်ခွင့်ရှိသည့် နိုင်ငံသားများစာရင်းကို  ဒေသဆိုင်ရာအာဏာပိုင်များမှတင်ပြသော  အရည်အချင်းပြည့်မီသည့်   နေထိုင်သူများ၏ အချက်အလက်များအပေါ် အခြေခံ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (Precinct Election Commission-PEC)မှ မဲရုံအလိုက်ပြုစုသည်။ စစ်မှုထမ်းများ၊ တပ်မတော်သားများနှင့် ၎င်းတို့တည်ရှိရာ ဒေသများတွင်  နေထိုင်သော အခြားမဲဆန္ဒရှင်များနှင့် ၎င်းတို့နှင့်အတူ နေမိသားစုဝင်များစာရင်းကို စစ်ဘက်ဆိုင်ရာတပ်မှူးများက ပေးအပ်သော အချက် အလက်များအပေါ်  အခြေခံ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်မှ ပြုစုသည်။  နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို သက်ဆိုင်ရာနိုင်ငံများရှိ ကောင်စစ်ဝန်ရုံးများမှ ပေးပို့သည့် အချက်အလက် များအပေါ်အခြေခံ၍ ပြုစုသည်။ မိမိတို့နေထိုင်သည့်ဒေသရှိ မဲစာရင်းတွင် မှတ်ပုံတင်ထားသော နိုင်ငံသားများသည် အဆိုပါဒေသရှိ မဲရုံတွင်သာ အမည်စာရင်းပါဝင်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦးသည် မဲရုံတစ်ခုတည်း၏ စာရင်းတွင်သာပါဝင်နိုင်သည်။ သက်သေခံကတ်ပြား သို့မဟုတ် သက်ဆိုင်ရာဒေသတွင် နေထိုင်ကြောင်း အထောက်အထားများ တင်ပြနိုင်သည့် အရည်အချင်း ပြည့်မီသောမဲဆန္ဒရှင်များအား ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Election Commission-CEC)နှင့် တရားရုံးတို့မှ အတည်ပြုချက်မရှိဘဲ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က ရပ်ကွက်/ကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်း ပေးနိုင်သည်။ မဲဆန္ဒရှင်များသည် မဲစာရင်းတွင်ပါဝင်ခြင်းရှိ/မရှိနှင့် မိမိတို့၏ အချက်အလက် မှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက်နိုင်သည်။ မဲဆန္ဒရှင်များသည် မဲစာရင်းတွင်ပါရှိသည့်အချက်အလက်များကို အတည်ပြုရန် သို့မဟုတ် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ရွေးကောက်ပွဲမတိုင်မီ ၁၅ ရက် အလိုတွင် ဆောင်ရွက်နိုင်သည်။


ကိုယ်စားလှယ်လောင်း   အမည်စာရင်းတင်သွင်းခြင်း


သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို အနည်းဆုံးမဲဆန္ဒရှင်များ၏ ထောက်ခံ လက်မှတ်စုစုပေါင်း ၁၀၀၀၀၀ ဖြင့် ဘီလာရုစ်နိုင်ငံသားများက တင်သွင်းရမည်။ အမည်စာရင်း တင်သွင်းမှုသည် ရွေးကောက်ပွဲ မတိုင်မီ ရက်ပေါင်း ၈၀ မှစတင်ပြီး ရွေးကောက်ပွဲမတိုင်မီရက် ၅၀ တွင်ပြီးဆုံးသည်။ ဘီလာရုစ်သမ္မတနိုင်ငံ ဥပဒေပြုချက်များနှင့် အညီ ရာဇဝတ်မှုမှတ်တမ်းကြောင့် ပြည်နယ်အဖွဲ့အစည်းများနှင့် အခြားပြည်နယ်အဖွဲ့အစည်းများရှိ ရာထူးနေရာများတွင် ထမ်းဆောင်ခွင့်မရှိသော နိုင်ငံသားများသည် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခွင့်မပြုပါ။ သမ္မတရွေးကောက်ပွဲအတွက်  ကိုယ်စားလှယ် လောင်းအမည်စာရင်း  တင်သွင်းခြင်းကို အနည်းဆုံးလူပေါင်း ၁၀၀ ထက်မနည်းရှိသော ကနဦးမဲဆန္ဒရှင်အုပ်စုမှ ဆောင်ရွက်သည်။ ပဏာမမဲဆန္ဒရှင်အုပ်စုများ မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ ကော်မရှင်မှ ဆောင်ရွက်သည်။ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်သည်။ ဘီလာရုစ်သမ္မတနိုင်ငံသမ္မတအတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ၃၅ ရက်မှစတင်ပြီး ရွေးကောက်ပွဲမတိုင်မီ ၂၅ ရက်အတွင်း ပြီးဆုံးမည်ဖြစ်သည်။   သမ္မတလောင်းတစ်ဦး၏ ဝင်ငွေ ကြေညာချက်တွင် ကွဲလွဲမှုတွေ့ရှိလျှင်သော်လည်းကောင်း၊ တရားမဝင် ထောက်ခံလက်မှတ် အရေအတွက်သည် စုဆောင်း ထားရှိသောထောက်ခံလက်မှတ် စုစုပေါင်းထက် ၁၅ ရာခိုင်နှုန်းကျော်လွန်နေကြောင်း စိစစ်တွေ့ရှိရလျှင်သော်လည်းကောင်း ဗဟို ရွေးကောက်ပွဲကော်မရှင်သည် သမ္မတလောင်းအဖြစ်  အမည်စာရင်း တင်သွင်းခြင်းကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။


လွှတ်တော် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခွင့်သည် ရွေးကောက်ပွဲမကျင်းပမီ ခြောက်လထက် နောက်မကျစေဘဲ ဘီလာရုစ်သမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာနက မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများ၊ အလုပ်သမား စုပေါင်းအဖွဲ့များနှင့် နိုင်ငံသားများမှ မဲဆန္ဒရှင်များ၏ ထောက်ခံလက်မှတ်များ စုဆောင်းခြင်းဖြင့် တင်သွင်းခွင့်ရှိသည်။ နိုင်ငံရေးပါတီများမှအောက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို နိုင်ငံရေးပါတီများ၏ အကြီးတန်း အဖွဲ့များက ဆောင်ရွက်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်းတို့၏ အဖွဲ့ဝင်အရေအတွက်အရ ရွေးကောက်ပွဲ မဲဆန္ဒနယ်တစ်ခုစီ အတွက် ကိုယ်စားလှယ်လောင်း တစ်ဦးသာ အမည်စာရင်းတင်သွင်းခွင့်ရှိသည်။ အလုပ်သမားအစုအဖွဲ့များမှ အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို အလုပ်သမားအစုအဖွဲ့ ညီလာခံများတွင် ဆောင်ရွက်သည်။


အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း  အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် နေထိုင်သည့် မဲဆန္ဒရှင် ၁၀၀၀ ထက်မနည်းသော ထောက်ခံလက်မှတ်များဖြင့် တင်သွင်းရမည်။ အမည်စာရင်းတင်သွင်းမှုသည် ရွေးကောက်ပွဲ မတိုင်မီ ရက်ပေါင်း ၇၀ တွင် စတင်ပြီး ရွေးကောက်ပွဲမတိုင်မီရက် ၄၀ တွင် ပြီးဆုံးမည်ဖြစ်သည်။ အောက်လွှတ်တော် ကိုယ်စားလှယ် လောင်း မှတ်ပုံတင်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သည်။ အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ရက် ၄၀ မှစတင်၍ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃၀ တွင်ပြီးဆုံးသည်။


အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုသည် ရက်ပေါင်း ၉၀ မှစတင်ပြီး လက်ရှိကျင်းပနေသည့် အထက်လွှတ်တော်၏ အခွင့်အာဏာမရပ်စဲမီ ရက် ၆၀ တွင် ပြီးဆုံးသည်။ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း မှတ်ပုံတင် ခြင်းကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်သည်။ မှတ်ပုံတင်ခြင်းသည်ရက်ပေါင်း ၆၀ မှစတင်ပြီး လက်ရှိအထက် လွှတ်တော်အခွင့်အာဏာရပ် မရပ်စဲမီရက်ပေါင်း ၅၅ တွင်ပြီးဆုံးသည်။


မဲဆွယ်စည်းရုံးခြင်း


ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခြင်းကို လူထုမီဒီယာအသုံးပြု၍ မဲဆွယ်စည်းရုံးခြင်း၊ ပုံနှိပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေခြင်း၊  မဲဆန္ဒရှင်များနှင့်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။ ကိုယ်စားလှယ်လောင်း များသည် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုထုတ်လွှင့်မှုများတွင် လွတ်လပ်စွာပြောဆိုခွင့်၊ စကားစစ်ထိုးပွဲများတွင် ပါဝင်ခွင့်၊    ၎င်းတို့၏ ရွေးကောက်ပွဲအစီအစဉ်များကို သတင်းစာများတွင် အခမဲ့ထုတ်ဝေခွင့်များကို ဆောင်ရွက်နိုင်သည်။ နိုင်ငံပိုင်ရုပ်မြင်သံကြား နှင့် ရေဒီယိုထုတ်လွှင့်မှုတွင် ကိုယ်စားလှယ်လောင်းများ၏ သဘောထားထုတ်ပြန်ချက် အရေအတွက်နှင့် စာပိုဒ်အရှည်ကို ဗဟိုကော်မရှင်က ဆုံးဖြတ်သည်။ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ပိုစတာများ၊ ကြွေးကြော်သံများ၊ ကြေညာချက် များ၊ ကမ္ပည်းစာများ၊  လက်ကမ်းစာစောင်များ၊ ဓာတ်ပုံပစ္စည်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ပုံနှိပ်ထားသော စည်းရုံးရေးပစ္စည်းများကို  ဘီလာရုစ်သမ္မတ နိုင်ငံပိုင်နက်တွင် ထုတ်လုပ်ရသည်။ အမည်မသိ စည်းရုံးရေးပစ္စည်းများ ဖြန့်ဝေခြင်းကို တားမြစ်ထားသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆွယ်စည်းရုံးခွင့်မပြုပါ။ မဲဆွယ်စည်းရုံးမှုများတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်မပြုပါ။


ရွေးကောက်ပွဲကုန်ကျစရိတ်များ


သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် သုံးစွဲဆောင်ရွက် ရန်အတွက် အခြေခံယူနစ် ၉၀၀၀ ထက်မပိုသော  ပမာဏရှိသည့် ကိုယ်ပိုင်ရွေးကောက်ပွဲ ရန်ပုံငွေကို တည်ထောင်ခွင့်ရှိသည်။ ကိုယ်စားလှယ်လောင်းတစ်ဦးသည် မဲဆန္ဒရှင်များ၏ လက်မှတ်စုဆောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်နှင့် အသုံးစရိတ်များကို ပေးဆောင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ခြင်းမပြုမီ ကိုယ်ပိုင်ရွေးကောက်ပွဲရန်ပုံငွေကို ထူထောင် နိုင်သည်။ လွှတ်တော်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးသည် အခြေခံယူနစ် ၁၀၀၀ ထက်မပိုသော ပမာဏရှိသည့် ကိုယ်ပိုင်ရန်ပုံငွေကိုလည်းကောင်း၊ ဒေသန္တရကောင်စီရွေးကောက်ပွဲအတွက် အခြေခံယူနစ် ၃၀ ထက်မပိုသော ပမာဏရှိသည့် ကိုယ်ပိုင် ရန်ပုံငွေကိုလည်းကောင်း၊ ရပ်ကွက်ကျေးရွာအုပ်စု ဒေသန္တရကောင်စီရွေးကောက်ပွဲအတွက် အခြေခံယူနစ် ၁၀ ထက်မပို သော ပမာဏရှိသည့် ကိုယ်ပိုင်ရန်ပုံငွေကိုလည်းကောင်း အသီးသီးတည်ထောင်ခွင့်ရှိသည်။


ကိုယ်စားလှယ်လောင်းများသည် ပထမရွေးကောက်ပွဲ အသုံးစရိတ်အစီရင်ခံစာကို ရွေးကောက်ပွဲနေ့မတိုင်မီ ၁၅ ရက်ထက်စောပြီး ၁၀ ရက်ထက် နောက်မကျစေဘဲ ဗဟိုရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရမည်ဖြစ်ပြီး နောက်ဆုံးရွေးကောက်ပွဲ အသုံးစရိတ် အစီရင်ခံစာကို ရွေးကောက်ပွဲကျင်းပပြီး ငါးရက်ထက်နောက်မကျစေဘဲ တင်သွင်းရမည်ဖြစ်သည်။


မဲပေးခြင်း

ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားရှိသည်။ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးရမည့်နေရာနှင့်အချိန်တို့ကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ၁၀ ရက်ထက် နောက်မကျစေဘဲ အသိပေးကြေညာရသည်။ ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ခြင်းမရှိသောမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲနေ့မတိုင်မီ ငါးရက်စော၍ ကြိုတင်မဲပေးနိုင်သည်။ ကြိုတင်မဲပေးခြင်းကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ည ၇ နာရီအထိလည်းကောင်း ကော်မရှင်အဖွဲ့ဝင် အနည်းဆုံးနှစ်ဦး၏ ရှေ့မှောက်တွင် ဆောင်ရွက်ရသည်။


ကျန်းမာရေး အခြေအနေအရသော်လည်းကောင်း၊ အခြားသော အကြောင်းရင်းများကြောင့်သော်လည်းကောင်း မဲရုံများသို့ မလာရောက် နိုင်သော မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က ကူညီဆောင်ရွက်ပေးရသည်။ မဲဆန္ဒရှင်များ၏ တောင်းဆိုမှုအရ  ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်သည် ကော်မရှင်အဖွဲ့ဝင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့ဝင်များကိုစေလွှတ်၍  ၎င်းတို့နေထိုင်ရာနေရာတွင် မဲပေးနိုင်ရန်   စီစဉ်ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိသူတစ်ဦးသည် အခြားသူတစ်ဦးအတွက်  ကိုယ်စားမဲပေးပိုင်ခွင့်မရှိပါ။


မဲရေတွက်ခြင်းနှင့်မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း


ရပ်ကွက်/ကျေးရွာအုပ်စု  ကော်မရှင်ဥက္ကဋ္ဌက မဲပေးခြင်းလုပ်ငန်းပြီးဆုံးကြောင်း ကြေညာပြီးနောက် မဲပုံးများကိုဖွင့်၍ ရေတွက်သည်။ မဲရေတွက်မှုရလဒ်များကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်က မှတ်တမ်းတင်ရသည်။ သမ္မတရွေးကောက်ပွဲဖြစ်ပါက မှတ်တမ်း တင်ထားသည့် ပရိုတိုကောများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းတင်ပြရပြီး လွှတ်တော် ရွေးကောက်ပွဲဖြစ်ပါက ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြရမည်ဖြစ်သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု   ရွေးကောက်ပွဲ ကော်မရှင်များက ပရိုတိုကောမိတ္တူကို အများသူငါ မြင်တွေ့နိုင်သည့်နေရာတွင် ကပ်ထားကြေညာရမည်။


လွှတ်တော်ရွေးကောက်ပွဲများအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွင် ရလဒ်များကို အပြီးသတ်ဆောင်ရွက်ပြီး သမ္မတရွေးကောက်ပွဲအတွက်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များကို  စုစည်းရသည်။ ဤအချက်အလက်များအရ Minsk Oblast နှင့် Minsk မြို့တို့တွင် ရွေးကောက်ပွဲရလဒ်များကို အပြီးသတ်သည်။ အဆိုပါ လုပ်ထုံး လုပ်နည်းများကို အခြေခံ၍ ရွေးကောက်ပွဲအပြီး ၁၀ ရက်အတွင်း ရွေးကောက်ပွဲ၏နောက်ဆုံးရလဒ်များကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ကြေညာသည်။


၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ


နောက်ဆုံးကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည်။ ကိုယ်စားလှယ်လောင်း ၅၅၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်တွင်းစောင့်ကြည့်လေ့လာသူ ၃၉၀၀၀ ကျော်နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူ ၁၀၃၀ ကျော်ကို စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည်။ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ မဲပေးသူ ၇၇ ဒသမ  ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး မဲပေးခွင့်ရှိသူ ၆ ဒသမ  ၈၇ သန်းရှိသည့်အနက် ၅ ဒသမ ၃၂ သန်း မဲပေးဆောင်ရွက်ခဲ့သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်အရ မည်သည့်အတိုက်အခံ ကိုယ်စားလှယ်လောင်းတစ်ဦးမျှ အမျိုးသားလွှတ်တော်သို့ တက်ရောက်နိုင်ခြင်းမရှိပါ။


ကိုယ်စားလှယ်နေရာ ၁၁၀ အနက် ၈၉ နေရာကို ပါတီဝင်မဟုတ်သူများက အနိုင်ရရှိခဲ့ပြီး ဘီလာရုစ်ကွန်မြူနစ်ပါတီ (Communist Party of Belarus)မှ  ၁၁ နေရာ၊  ရီပတ်ဘလီကန်အလုပ်သမားနှင့် တရားမျှတမှုပါတီ (Republican Party of Labor and Justice)မှ ခြောက်နေရာ၊ ဘီလာရုစ်မျိုးချစ် ပါတီ(Belarusian Patriotic Party)နှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ဘီလာရုစ်စိုက်ပျိုးရေး ပါတီ (Liberal Democratic Party and the Belarusian Agrarian Party)မှ တစ်နေရာစီ အသီးသီး အနိုင်ရရှိခဲ့သည်။


ဘီလာရုစ်သမ္မတနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် ဒီမိုကရေစီအခြေခံမူများကိုအခြေခံ၍ နိုင်ငံအတွင်း ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ကြိုးပမ်းခဲ့ကြသည်။ ဘီလာရုစ်နိုင်ငံသည် သမ္မတသက်တမ်း ကန့်သတ်ချက်မရှိသော်လည်း  သမ္မတရွေးကောက်ပွဲများ၊ လွှတ်တော်ရွေးကောက်ပွဲများ၊ ဒေသန္တရရွေးကောက်ပွဲများနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ရွေးကောက်ပွဲဆိုင်ရာ  ကျင့်ထုံးဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာ တွေ့ရှိရသည်။    ။


ဆောင်းပါးရှင် - W

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)