MNP - ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၏ အနောက်ဘက် သီရီကြွမ်းခမ်းကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် သက်သတ်လွတ်ဆရာတော် အရှင်ခန္တိကော၏ သက်တော်(၃၃)နှစ်ပြည့်၊ ဝိဇာတ မွေးနေ့အလှူတော်မင်္ဂလာနှင့် ဝိဟာရဓမ္မရုံ ဆောင်သစ်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းတိုက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဆရာတော် အရှင်ခန္တိကော၏ သက်တော်(၃၃)နှစ်ပြည့်၊ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် ဝပ်ဇလီလုံခမ်းကျောင်းဆောင်သစ်ရေစက်ချ မင်္ဂလာအခမ်းအနား တို့ကို အတူတကွကျင်းပခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နှင့် အနယ်နယ် အရပ်ရပ်မှ ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ တရားတော်နားယူကြခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော်အရှင်ခန္တိကောအား ဖူးမြှော်ကြည်ညှိခြင်း၊ ဆရာတော်မှ အဆောင်လက်ဖွဲ့များ ပြန်လည်ချီးမြှင့်ပေးခြင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့်အတူ အလှူရှင်တို့မှ သံဃာတော်များအား ဆွမ်း၊ ဆန်စိမ်းလောင်းလှူခြင်း၊ အလှူရှင်တို့၏ လှူဒါန်းမှု အစုစုတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကာ မင်္ဂလာအခမ်းအနားကို ရေစက်သွန်းချ အမျှပေးဝေ၍ ရုတ်သိမ်း ခဲ့ကြသည်။
ထိုအလှူမင်္ဂလာပွဲသို့ လာရောက်လည်ပတ်ဖူးမြှော်ကြသော ဧည်သည်တော်များအား အလှူရှင်ပြည်သူများက သက်သတ်လွတ် အစားအသောက်များဖြင့် ပျူငှာစွာဧည့်ခံကျွေးမွေးခဲ့ကြောင်းနှင့် ပွဲတော်တွင် စျေးသည်များ၊ လာရောက်လည်ပတ်သူများ၊ ဒေသခံတိုင်းရင်းသား များက ရိုးရာလမုန်းအကဖြင့် ကပြဖျော်ဖြေခြင်းတို့ဖြင့် အထူးပင်စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment