ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး


MNP  -   ဇန်နဝါရီ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


အသေးစိတ်မှာကြား


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ အကျဉ်းထောင်မှတာဝန်ရှိသူများနှင့်တွေ့ဆုံရာ ဧရာဝတီတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်၌ အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်အခြေအနေနှင့် ဖြစ်စဉ်တွင် ထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းထောင်လက်စွဲပါလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အလားတူ ထောင်အတွင်းဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး၊ ယခုဖြစ်စဉ်ကိုအတွေ့အကြုံယူ၍ အားသာချက်၊ အားနည်းချက်များဖော်ထုတ်၍ အစီအမံများ ရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူများကို အသေးစိတ်မှာကြားသည်။


လှည့်လည်ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကျဉ်းထောင်ရှိ ဗဟိုကင်း၊ အကျဉ်းသား/အချုပ်သား အိပ်ဆောင်များ၊ မီးဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်အတွင်း အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားစဉ် ၎င်းတို့ကိုင်စွဲအသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများ၊ ၎င်းတို့ဖျက်ဆီးခဲ့သည့် လုံခြုံရေးအထောက်အကူပြုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုတို့ကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


အထူးဂရုပြုဆောင်ရွက်ပေး


ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးစည်းကျိုးပေါက်မှုမရှိစေရေး ဝန်ထမ်းများ ၂၄ နာရီ ကင်းတာဝန်ချထားရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များမဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်အတွင်းသို့ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများပေးပို့ တင်သွင်းနေသည်များရှိ၍ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ အကျဉ်းသား/ အချုပ်သားများ၏ အိပ်ဆောင်များအား စနစ်တကျရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်သွားရန်၊ ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာနေထိုင်ကြရန်နှင့် မိမိကိုင်တွယ်သည့်လက်နက်များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရေး အမြဲတမ်းလေ့ကျင့်သွားကြရန်၊ အကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များကို အထူးဂရုပြုဆောင်ရွက်ပေးရန်၊ ၎င်းတို့ကိုလည်း တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ နေထိုင်စေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်မှာကြားကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထောက်ပံ့ငွေများပေးအပ်


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်အကျဉ်းထောင်ခန်းမ၌ အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကိုတွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး မိသားစုဝင်များ၏ အခက်အခဲနှင့်လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာမေးမြန်းကာ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိသားစုဝင်များအတွက် မီးဖိုချောင်သုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။


လိုအပ်သည်များမှာကြား


ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ရောက်ရှိကာ အကျဉ်းထောင်အဝင်ဝရှိ ထောင်ဝင်စာပါဆယ် လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေးဌာနစိတ်တို့တွင် လာရောက်ပေးပို့သည့် ပါဆယ်ပစ္စည်းများကို Luggage X-Ray Scanner စက်ဖြင့် စနစ်တကျ စစ်ဆေးရှာဖွေနေမှုကိုလည်းကောင်း၊ အကျဉ်းထောင်CCTV Control Roomအတွင်းရှိ လုံခြုံရေးစောင့်ကြည့်နေမှုကိုလည်းကောင်း၊ စားဖိုကြီးတွင် အကျဉ်းသား/ အချုပ်သားများ နံနက်စာစားသုံးရန်အတွက် ထမင်းနှင့်ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။


နံနက်စာအတူတကွသုံးဆောင်


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(အင်းစိန်)သို့ရောက်ရှိကာ သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်များ၊ စာသင်ခန်းမနှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တပ်သားအဆင့်အခြေခံသင်တန်း အမှတ်စဉ်(၁၀၇)မှ သင်တန်းများနှင့်အတူ နံနက်စာအတူတကွသုံးဆောင်ပြီး သင်တန်းသားများအတွက် ထောက်ပံ့ ငွေများကို ပေးအပ်သည်။


စနစ်တကျလေ့ကျင့်ဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ တောင်ငူအကျဉ်းထောင်သို့ရောက်ရှိကာ အကျဉ်းထောင်ရှိ စားဖိုကြီးအသစ်ဆောက်လုပ်သည့်နေရာ၊ အကျဉ်းသား/ အချုပ်သားအိပ်ဆောင်များ၊ ရေချိုးကန်များနှင့် ဆေးရုံဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းထောင်လုံခြုံရေးနှင့် ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်ဆူပူမှုများဖြစ်ပွာလာပါက အချိန်တိုအတွင်းထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို စနစ်တကျလေ့ကျင့်ဆောင်ရွက်ထားရန်၊ အကျဉ်းသား/ အချုပ်သားများအား ချက်ပြုတ် ကျွေးမွေးရာတွင် စေတနာထား၍ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/ အချုပ်သားများအား စေတနာထား၍ ဂရုတစိုက်ပြုစုကုသပေးရန်နှင့် HIV/AIDS ရောဂါရှိသူ အကျဉ်းသား/ အချုပ်သားများ ပြစ်ဒဏ်စေ့၍လွတ်မြောက်ပါက ဆေးဝါး ဆက်လက်သောက်သုံးနိုင်ရေးအတွက် အကျဉ်းထောင်ဆရာဝန်က သေချာစွာလမ်းညွှန် ပေးရန်တို့နှင့်ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)