MNP - ဇန်နဝါရီလ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲဇလီကျေးရွာအုပ်စု၊ ထူးပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကာ ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းပြုစုထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ထူးပေါက်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များထံမှ သတ္တမအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေ များကို ပြန်လည်ကောက်ခံရယူပြီး အဌမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃၆ ဦးကို ငွေကျပ် ၃၈ ဒသမ ၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁) ဦးကို ငွေကျပ် သုည ဒသမ ၂၅ သန်း ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄ ဦးကို ငွေကျပ် ၁ ဒသမ ၃၅ သန်း ၊ စုစုပေါင်း စီမံကိန်းအသင်းသား ၊ အသင်းသူ ၁၄၁ ဦးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၀ ဒသမ ၁၀ သန်းကို အသင်းသားများ လက်ဝယ်အရောက်နေ့ချင်းပြီး စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment