ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ


MNP -  ဇန်နဝါရီ ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် ၁၉၁ နိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံအား ဦးစီးဦးဆောင်ပြုကြမည့် ပုဂ္ဂိုလ်များတစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခြင်းဖြစ်ပြီး ယင်းသို့ဆန္ဒမဲပေးရွေးချယ် နိုင်စေရန် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူကြီးကြပ် ကျင်းပပေးရကြောင်း။


မြန်မာနိုင်ငံတွင်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးကောက်တင်မြှောက်နိုင်ရန် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပေးရကြောင်း၊ ရွေးကောက်ပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲများဖြစ်စေရန် ဆောင်ရွက်ပေးရကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား ကြီးကြပ်ရသကဲ့သို့ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ဥပဒေနှင့်အညီဝင်ရောက်ယှဉ်ပြိုင်ရေး ကြီးကြပ်ဆောင်ရွက်ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတို့ကို ပြဋ္ဌာန်းထားကြောင်း။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတာဝန်များ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ၁၃ ချက် ပြဋ္ဌာန်းထားသော်လည်း အဓိကအားဖြင့် ရွေးကောက်ပွဲများ ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးရန်၊ ရွေးကောက်ပွဲကန့်ကွက်လွှာများကို ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးရန်ဆိုသည့် တာဝန် ၃ ချက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲမတိုင်မီ (အကြို)ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် (နှောင်းပိုင်း) ကာလဟူ၍ အပိုင်း ၃ ပိုင်းရှိကြောင်း။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် လာမည့်ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူအနိုင် ရသည့် (FPTP) စနစ်အစား မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများ အလဟဿ၊ လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုပေးနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ကျင့်သုံးဆောင်ရွက်ရေး နိုင်ငံရေးပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရာတွင်လည်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ PR စနစ်နှင့်ပတ်သက်ပြီး သေသေချာချာ လေ့လာမှတ်သားကြရန် မှာကြားလိုကြောင်း။


ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည် ကော်မရှင် ၏သိက္ခာ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိစေရန် သတိမူရမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန် ကန်ကန်ဖြစ်အောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း၊ သင်တန်းသားများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး လေ့လာသင်ယူကြရန် ပြောကြားသည်။


ယင်းနောက် သင်တန်းသားတစ်ဦးချင်းစီအလိုက် ကိုယ်ရေးအချက် အလက်များကို တင်ပြပြီး အခမ်းအနားကိုရုပ်သိမ်းသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီ ၉ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)