MNP - ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုများ အတွက် ငွေပေးချေမှုကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်လည်း ခွင့်ပြုပေးထားလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အဆိုပါ နယ်စပ်ကုန်သွယ်မှုများအတွက် ငွေပေးချေရာတွင် ဒေသထွက်အသီးအနှံများဖြစ်ကြသော ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံ စသည့်တို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်လည်း ဆောင်ရွက်ခွင့်ပြုပေးထားပြီး လယ်ယာထွက်ပစ္စည်းများဖြစ်ကြသော ဆန်၊ ဆန်ကွဲ အစရှိသည့် အခြားလယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများဖြစ်ကြသည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့်သာ ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်သွင်းကုန်လိုင်စင်များကို ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သည့်အပြင် Tradenet 2.0 System တွင် Online မှလည်း လျှောက်ထားနိုင်ပါသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် သွင်းကုန်လိုင်စင်(၁၇)စောင်၊ ယွမ် ၂ ဒသမ ၅၂၄သန်း တန်ဖိုးရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့်လိမ္မော်သီး အစရှိသည့်တို့ကို ခွင့်ပြုထုတ်ပေးခဲ့သည့်အပြင် ဇန်နဝါရီလ (၁)ရက်မှ (၁၇)ရက် အထိ သွင်းကုန်လိုင်စင်(၄၁၅)စောင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇန်နဝါရီလ(၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၃၇၁၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၄၂၂)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form E) ထုတ်ပေးမှုတွင် (၆၀၅)စောင်ရှိကြောင်း သိရသည်။ ယင်းအပြင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါလပိုင်းတွင် ကဏန်း၊ နှမ်း၊ ဖရဲသီး၊ ဆန်၊ ဆန်ကွဲ၊ ငါးရှဉ့်နှင့်ကြံတို့သည် အဓိကအများဆုံး ပို့ကုန်ပစ္စည်းဖြစ်ပြီး တရုတ်ပြည်မဖက်မှ ယာဉ်နှင့်ယာဉ်ယန္တရာများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ပန်းသီး၊ လိမ္မော်သီး၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်အခြားလူသုံးကုန်ပစ္စည်းများ စသည့်သွင်းကုန်ပစ္စည်းများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment