MNP - ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းနှင့် ICRC တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မိုင်းငေါ့မြို့ ကြက်ခြေနီအသင်းမှ တပ်ခွဲမှူး ဦးအောင်ခိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားရာ ရပ်ရွာအကျိုးပြု လူငယ်လူရွယ်များအား ကြက်ခြေနီတပ်ဖွဲ့၏အခြေခံမူများ၊ ကြက်ခြေနီတပ်ဖွဲ့၏ စိတ်ဓာတ်ကောင်းများ ရှင်သန်မွေးမြူ ဆောင်ရွက်နိုင်ရေးနှင့် လူမှုကူညီရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များကြုံတွေ့လာပါက လူငယ်မောင်မယ်များက ကြက်ခြေနီ စိတ်ဓာတ် ရှေးဦးပြုစုခြင်းလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရှေးဦးပြုစုခြင်း (အခြေခံ) ရက်တိုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဈေး၊ မန်ကောင်း၊ မန်လုံ၊ တာလုံ၊ ရပ်ကွက်မှ လူငယ်လူရွယ်များနှင့် မန်ပင့်၊ မန်နောင်၊ အောက်ဈေး၊ ချူး၊ ကွန်ကောက်ကျေးရွာများရှိ လူငယ်လူရွယ် (၃၂)ဦး တက်ရောက်ပြီး သင်တန်းနည်းပြများအဖြစ် ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်၊တပ်ခွဲမှူး ဒေါ်မြင့်မြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များက အခြေခံရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။
မြင့်သွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment