နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား




MNP  -   ဇန်နဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များတက်ရောက်ကြသည်။


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ခမ်းနားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းတွင်ဖျောက်ဖျက်မရနိုင်သည့် မှတ်ကျောက်တစ်ခုဖြစ် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အစိုးရအဖွဲ့၏ ထင်ရှားသောသမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ သည့် အခမ်းအနားတစ်ခုပင်ဖြစ်ကြောင်း၊ အခက်အခဲပေါင်းများစွာကြားမှ နိုင်ငံတော်ကို ယခုကဲ့သို့သော အခြေအနေသို့ရောက်ရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ခမ်းနားစွာဖြင့် အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မည်သို့မျှ ဖျောက်ဖျက်၍ရမည်မဟုတ်ကြောင်းနှင့် ကောင်းမွန်သည့် မှတ်ကျောက် တစ်ခုတင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း။


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေးရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ


မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်တာကာလရှိပြီဖြစ်ပြီး လွတ်လပ်ရေးနေ့အခမ်းအနားမိန့်ခွန်းတွင်လည်း မိမိတို့နိုင်ငံ၏ သမိုင်းကိုထင်ဟပ်ရန်နှင့် နိုင်ငံ၏အနာဂတ်အတွက် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ပွင့်ပွင့်လင်းလင်းဖြင့် တိုင်းပြည်ကို အသိပေးသကဲ့သို့ ကမ္ဘာကိုလည်း အသိပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိန့်ခွန်းကို အလေးအနက်ထားလေ့လာကြစေလိုကြောင်း၊ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ နိုင်ငံရေးအရရည်မှန်းချက်များဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစွာဖြစ်ပေါ်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးစနစ်အရ ပါတီစုံဒီမိုကရေစီစနစ်ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးပုံစံစနစ်အရ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုပုံစံကိုသွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး၊ ပြည်သူများအားလုံးနှင့် နိုင်ငံသားအားလုံးက လိုလားသည့် အုပ်ချုပ်ရေးစနစ်ပင်ဖြစ်ကြောင်း၊ အလားတူအမျိုးသားရေးရည်မှန်းချက်များအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် စားရေရိက္ခာဖူလုံရေး စသည့်ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။


တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများပေါ်ပေါက်ခဲ့ပြီး ဆိုးရွားကြမ်းတမ်းခဲ့သည့်ကာလများ၊ တည်ငြိမ်အေးချမ်းမှုအသင့်အတင့်ရှိခဲ့သည့်ကာလများကို ဖြတ်သန်းခဲ့ရကြောင်း၊ ယနေ့ထက်တိုင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးကြောင်း၊ ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးအတွက် မလွဲမသွေလိုအပ်ချက်ဖြစ်ပြီး အဓိကဖြစ်သည့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်လည်း ထည့်သွင်းချမှတ်ဆောင်ရွက်ထားကြောင်း၊ တိုင်းပြည်သာယာဝပြောမည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာတိုးတက်ရန် အခွင့်အလမ်းရှိသဖြင့် တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် မဆုတ်မနစ်သောဇွဲ၊ လုံ့လများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်သဘောထားကြီးစွာ၊ စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ရမည့်ကိစ္စပင်ဖြစ်ကြောင်း။


ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာအများ၏ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ ဆန္ဒကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကိုပစ်ပယ်၍ ပြုမှုလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုများပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များကဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို မှန်ကန်စွာသိရှိနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း။


အလားတူ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာအဆင့်အလိုက်၊ ဒေသအလိုက်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအပါအဝင် စီမံခန့်ခွဲမှုများအားလုံးကိုမျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံးတစ်ပြေးညီ ခံစားခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများ ရေးဆွဲပြီးဆောင်ရွက်နိုင်ရန်မူအားဖြင့် သဘောတူပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေတည်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်အတွင်းမှဆောင်ရွက်နိုင်ရန် အခြေအနေ များပေးခဲ့ကြောင်း၊ အဆိုပါလုပ်ပိုင်ခွင့်များကို အသုံးချနိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဆောလျင်စွာ တည်ငြိမ်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။


နိုင်ငံ့စီပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ


မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တပ်မတော်အစိုးရလက်ထက်ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကို လမ်းခင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ်စတင် လျှောက်လှမ်းချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးခဲ့ရာ အစိုးရပထမသက်တမ်းငါးနှစ်အတွင်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း၊ ဒုတိယအစိုးရသက်တမ်းတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း အထိကျဆင်းခဲ့ကြောင်း၊ ထိုသို့စီးပွားရေးကျဆင်းခဲ့မှုများကို စီးပွားရေးကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့်လေ့လာရန်လိုကြောင်း၊ စီးပွားရေးကျဆင်းခဲ့မှုများမှာ ပြည်ပ၏အကူအညီအထောက်အပံ့များကို မှီခိုမှုများပြားခြင်းနှင့် ပြည်တွင်းစီးပွားရေးကိုအားပေးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များရှိခြင်းကြောင့် စီးပွားရေးကျဆင်းခဲ့သည်ဟုယူဆကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အစိုးရလက်ထက်မှ စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့သော်မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် မိမိတို့နိုင်ငံ၏စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာ ကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိပြန်လည် တိုးတက်လာကြောင်း၊ ထိုသို့တိုးတက်လာခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများ၊ လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါအတွေ့အကြုံများကိုယူ၍ ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးသည် ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။


နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံရေးရည်မှန်းချက်


နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ကြောင်း၊ ပထမဆုံးအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမပါရှိခဲ့ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီပထမအစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ပါဝင်လျှောက်လှမ်းနိုင်ရေးအတွက် အချို့သောရွေးကောက်ပွဲစည်းမျဉ်း၊ ဥပဒေများကို သဘောထားကြီးမားစွာဖြင့် လျှော့ပေါ့ပြင်ဆင်ပေးခဲ့သဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုသံသယဖြစ်ဖွယ်များစွာတွေ့ရှိရသဖြင့် မဲစာရင်းရလဒ်များကို စစ်ဆေးဆောင်ရွက်ခဲ့ရာ မဲစာရင်းမှားယွင်းမှုများစွာကို တွေ့ရှိရကြောင်း။


တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းကို မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ပြဋ္ဌာန်းထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကိုလည်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ကို ပြောကြားခဲ့ပြီး ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည်များကို ပြင်ဆင်ရန်လည်းတပ်မတော်မှသဘောတူပြီးဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ပြင်ဆင်ရာတွင် ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်ရန်လိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့တွင် အချုပ်အခြာအာဏာသည် ပြည်သူကဆင်းသက်လာသည့် အချုပ်အခြာအာဏာဖြစ်ကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာမခိုင်မြဲသည့် ကာလပတ်လုံးပြည်တွင်း၊ ပြည်ပပဋိပက္ခများ ဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို မိမိတို့၏ အမျိုးသားရေးဦးတည်ချက်၊ ရပ်တည်ချက်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အဆိုပါအချက်သုံးချက်ကိုပင် အဓိကထား၍ရေးဆွဲထားခြင်းဖြစ်သည်ကို သေချာစွာလေ့လာဖတ်ရှုမည်ဆိုပါက တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲအခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏သမိုင်းတွင်လည်း အဆိုပါရွေးကောက်ပွဲမဲမသမာမှုသည် အမည်းစက်တစ်ခုအဖြစ်ကျန်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့သောအခြေအနေမျိုးထပ်မံဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။


မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေအကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်ကိုပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် မိမိတို့အနေဖြင့် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေများနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်နှင့်ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည်၏ အခြေအနေကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် နိုင်ငံတော်ကိုအာမခံ ချက်ပေးနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေဖြင့် မလျှော့သောဇွဲလုံ့လဖြင့်ရရှိသည့် ကာလအတွင်း ကြိုးစား၍ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။


၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ယခင်ကလည်းပြောကြားခဲ့ကြောင်း၊ မဲစာရင်းများသည် အကြိမ်ကြိမ်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး နောက်ဆုံးမဲစာရင်းသည် ၃၈ သန်းနှင့် ၂ သိန်း ၇ သောင်းဟူ၍ ထွက်လာခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ်မူတည်ပြီး တွက်ချက်ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏လူဦးရေနှင့် ၂၀၂၀ ပြည့်နှစ်တွင် တိုးတက်လာသည့် လူဦးရေတိုးတက်မှုနှုန်းမှာ ဖြစ်နိုင်ဖွယ်ရာ အနေအထားတွင်မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ပျမ်းမျှအားဖြင့် ဒသမ ၈၅ ခန့်သာရှိသည့်အတွက် လူဦးရေတိုးတက်မှုနှုန်းသည် မည်သို့မျှဖြစ်နိုင်ဖွယ်မရှိသည်ကို တွေ့ရှိရကြောင်း။


မိမိတို့စတင်တာဝန်ယူစဉ် နေပြည်တော်စည်ပင်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပြီး တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းမှာလည်း ကြီးမားသည့်မှားယွင်းသည့် အမည်းစက်တစ်ခုပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် တရားဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲမသမာမှုဆောင်ရွက်ခဲ့သည့် အမည်းစက်တစ်ခုဖြစ်ပေါ်ခဲ့သည့်အပြင် ဒီမိုကရေစီတွင် ဥပဒေနှင့်ရင်ဆိုင်ဖြေရှင်းရမည်ကို ဥပဒေပြင်ပမှ ဆောင်ရွက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်လာခဲ့ပြီး မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီဖြစ်အောင် တတ်နိုင်သရွေ့ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်များအနေဖြင့်သိရှိနိုင်ရန်၊ စဉ်းစားဆင်ခြင်နိုင်ရန်၊ သင်ခန်းစာရယူနိုင်ရန်နှင့် ဖော်ထုတ်ချက်များကို သုံးသပ်ဆောင်ရွက်ကြစေ လိုကြောင်း။


တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများအနေဖြင့်လည်း မိမိတို့၏လုပ်ဆောင်ချက်များကိုတင်ပြရာတွင် ထိထိမိမိဖြင့် တင်ပြစေလိုပြီး မိမိတို့ဒေသ၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုဦးတည်၍ ဆောင်ရွက်ရန်လိုအပ်သည်များကို တင်ပြဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအားပေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက်ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှု၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့် မြစ်ရေတင်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေးစိုက်ပျိုးရေးချေးငွေများထုတ်ချေးပေးမှု၊ နိုင်ငံ့ဘဏ္ဍာငွေများကို စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲရန်နှင့် စိစစ်ကြပ်မတ်ရန်လိုအပ်မှု၊ လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ကုန်သွယ်မှုတွင် သွင်းကုန်ပို့ကုန်များတိုးတက်လာမှုနှင့် ပဲမျိုးစုံတင်ပို့မှုကို ဆက်လက်တင်ပို့နိုင်သဖြင့် ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်မှု၊ ဥပဒေရေးရာကိစ္စရပ်များ၊ မော်တော်ယာဉ်များ၏ နံပါတ်ပြားများ လဲလှယ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပညာရေးဝန်ထမ်းများ လိုအပ်ချက်ရှိပါက ထပ်မံခန့်အပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် လုပ်ငန်းလမ်းညွှန်များကို စက်မှုဝန်ကြီးဌာနမှ ပြုစုထားသည့် အင်တာနက်စာမျက်နှာများတွင် အချိန်မရွေးကြည့်ရှုလေ့လာနိုင်မှု၊ နယ်စပ်ဒေသများနှင့် နယ်စပ်ဝင်ပေါက်နေရာများမှ ကိုဗစ် - ၁၉ ကူးစက်မှုများ ဝင်ရောက်လာနိုင်သဖြင့် နယ်စပ်ဒေသမှဝင်ရောက်မှုများကို စနစ်တကျထိန်းချုပ်ဆောင်ရွက်ပေးရန် လိုအပ်မှု၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှု၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရာတွင် ဥပဒေအတိုင်းဆောင်ရွက်ရန်လိုအပ်မှုတို့ကို ရှင်းလင်းတင်ပြကြပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နိုင်ငံတော်အတွင်းအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် NUG နှင့် CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အချို့သောလက်နက်ကိုင်အဖွဲ့များက နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးမှု၊ အပြစ်မဲ့သံဃာတော်များ၊ ပြည်သူများနှင့်ဝန်ထမ်းများကို အကြောင်းမဲ့သတ်ဖြတ်ခဲ့မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


KG + 9 ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ်ထားရှိ


တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ကားမှတ်ပုံတင်နံပါတ်ပြားများလဲလှယ်ခြင်းသည် လုံခြုံရေးကိစ္စရပ်များနှင့်သက်ဆိုင်သဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာမှုအားနည်းနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ KG + 9 ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ်ထားရှိကြောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ အဆိုပါကျောင်းများသည် ပညာရေးဝန်ကြီးဌာန၊ MIC နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မည်သည့်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သည်ဖြစ်စေ မိမိတို့နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ယဉ်ကျေးမှုများကို အလေးထားလိုက်နာရန်လိုကြောင်း၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အဆင့်ဆင့်စိစစ်ဆောင်ရွက်ရန်လိုကြောင်း။


အချို့သောဒေသများတွင် နွေရာသီ၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုးရေကိုထိန်းသိမ်း၍ဆောင်ရွက်နိုင်ကြောင်း၊ အချို့သောဒေသများတွင် မိုးရေကိုခံယူ၍ တစ်နှစ်ပတ်လုံးသုံးစွဲကြသည်ကို တွေ့ရှိရကြောင်း၊ ရေရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်၍ရသည်များကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ စားရေရိက္ခာ လုံလောက်စွာရရှိရေးအတွက် ဝန်ကြီးချုပ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး စိုက်ပျိုးရေများကိုလည်း အကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးအတွက် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်မည်ဆိုပါကများစွာ အကျိုးရှိမည်ဖြစ်ကြောင်း။


စက်သုံးဆီဈေးများမှာ မြင့်တက်လျက်ရှိပြီး မိမိတို့အနေဖြင့် နှစ်စဉ်စက်သုံးဆီများများစွာ တင်သွင်းနေရကြောင်း၊ ထို့ကြောင့်စက်သုံးဆီသုံးစွဲမှုများကို လျှော့ချရန်နှင့် Public Transportation ကို ဦးစားပေးသုံးစွဲကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် အသုံးပြု၍ဆောင်ရွက်ကြစေလိုကြောင်း။


အားကစားရုံနှင့်အားကစားကွင်းများတည်ဆောက်ရာတွင် အရှည်ကိုမျှော်တွေး၍ ဆောင်ရွက်ကြစေလိုကြောင်း၊ အဆင့်မီသည့်အားကစားရုံများဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လူဦးရေကိုမျှော်တွေး၍ ဆောင်ရွက်ကြစေလိုပြီး ဝန်ကြီးချုပ်များအနေဖြင့်စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း။


စားရေးသည် လူသားတိုင်းအတွက် အရေးကြီးကြောင်း၊ ထို့ကြောင့်စားရေးအတွက် လိုအပ်ချက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် ဆန်နှင့် အသား၊ ငါးများ ဖူလုံရန်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို လုံလောက်စွာထုတ်လုပ် နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံစွာဖြင့် စားသုံးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် ဆန်နှင့် အသား၊ ငါးများ ဖူလုံမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။


MSME လုပ်ငန်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့တွင် လုပ်နိုင်ကိုင်နိုင်သူများကိုသာ ခန့်အပ်ထားခြင်းဖြစ်သည့်အတွက် အခက်အခဲအကျပ်အတည်းများစွာကိုကျော်ဖြတ်၍ အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်ကာလကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်တွေ့ဆုံ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်ဖွံ့ဖြိုးမှုများကို များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာဖြင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ထုတ်ကုန်များကိုထုတ်လုပ်၍ ပြည်ပမှသွင်းကုန်များကို လျှော့ချနိုင် မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။


မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူမည်ဆိုပါက ပြည်တွင်းစားသုံးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များကိုလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကိုလည်း ရရှိစေမည်ဖြစ်သကဲ့သို့ MSME လုပ်ငန်းများကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ပြီး ဝင်ငွေများရရှိမည်ဖြစ်ကာ ဒေသတွင်းနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေမည်ဖြစ်၍ ဒေသအလိုက်စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း။


တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်နိုင်ရန်လို


ရေသုံးစွဲမှုနှင့်ပတ်သက်၍ အဖိုးတန်ရေချိုကို ချွေတာသုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရေကိုအကျိုးရှိရှိဖြင့်လိုအပ်သည့် ပမာဏကိုသာအသုံးချရန်လိုကြောင်း၊ ရေနှင့်ပတ်သက်၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သစ်ပင်၊ သစ်တောရှိရမည့် နေရာတွင် သစ်ပင်ရှိစေရေး သက်ဆိုင်ရာဒေသနှင့် ဝန်ကြီးဌာနများက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးသည်လည်းအရေးကြီးကြောင်း၊ တစ်ဦးချင်း၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ သပ်ရပ်စွာ ဝတ်စားဆင်ယင်တတ်မှုမှသည် မိမိမြို့နယ်၊ မိမိဒေသ၊ မိမိတိုင်းပြည်တစ်ခုလုံးအထိ သန့်ရှင်းသာယာလှပနေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်မှုသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် စည်းကမ်းစနစ်တကျရှိမှုတို့ကို ပြသနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် သာယာလှပပြီးပို့ဆောင်ဆက်သွယ်ရေး၊ အစားအသောက်များအားလုံးကောင်းမွန်နေမည်ဆိုပါက ခရီးသွားလုပ်ငန်းသည်လည်းတိုးတက်လာပြီး အခြေခံလူတန်းစားများ၏ ဝင်ငွေများတိုးတက်လာကာ ထိုမှတစ်ဆင့် နိုင်ငံ့ဝင်ငွေသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်ရေးအတွက် နိုင်ငံ၏ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်မှုနှင့် ပို့ကုန်အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုလည်း တိုက်ဖျက်နိုင်ရန်လိုကြောင်း။


စာရင်းဇယားများ မှန်ကန်မှုရှိစေရေး ယခုအချိန်ကတည်းကပင် ဆောင်ရွက်ရမည်ဖြစ်


ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကိုသင်ခန်းစာယူပြီး မဲစာရင်းများမှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် သန်းခေါင်စာရင်းအပေါ်တွင်မူတည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် စာရင်းဇယားတိကျမှုရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း စာရင်းဇယား မှန်ကန်စေရေးသည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့်စာရင်းဇယားများမှန်ကန်မှုရှိစေရေး ယခုအချိန်ကတည်းကပင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ စာရင်းဇယားများတိကျမှန်ကန်မှုရှိစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်းမပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီးလူတိုင်းမဲပေးနိုင်အောင်ပြုလုပ်ပေးခြင်းသည် အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှုကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေးမိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မဲစာရင်းများတိကျမှန်ကန်ရေး၊ လူတိုင်းမဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။


ယင်းကိစ္စများဆောင်ရွက်နိုင်ရန် ကျန်ရှိသည့်အချိန်တွင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေနှင့်တိုးတက်မှုများ အပေါ်မူတည်၍ ရွေးကောက်ပွဲကိစ္စကို ထပ်မံသုံးသပ်ရမည်ဖြစ်သဖြင့် စနစ်တကျ အားထည့်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။   

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)