ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲနောက်သီးနှံ ၄၆၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲနောက်သီးနှံ ၄၆၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲနောက်သီးနှံ စိုက်ပျိုးခြင်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် အတွက် တစ်မြို့နယ်လုံး ပဲနောက်သီးနှံ ၄၆၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲနောက်သီးနှံဧက ၄၁၈ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက အောက်တိုဘာလကစပြီး စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှု ၄၆၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍  သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံ ဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ပဲနောက်သီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၄၁၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှုဧက ၄၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။  ဆောင်းပဲနောက်သီးနှံ စိုက်ပျိုးခြင်းကိုတော့ အောက်တိုဘာလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုး ခဲ့ကြတာပါ။ ဒေသခံတောင်သူတွေရဲ့ ကြိုးပမ်းစိုက်ပျိုးမှုကြောင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ဒေသမှာ နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံ တောင်သူတွေက ဈေးကွက်ရှိတဲ့ ပဲနောက်၊ ပဲကြီး၊ မတ်ပဲ၊ ပဲကြား၊ ပဲလွမ်း၊ စားတော်ပဲ၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ် စတဲ့ ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်ဖို့ ဒေသခံတောင်သူတွေကိုလည်း စိုက်ပျိုး လယ်မြေများအရောက် ကွင်းဆင်းပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲနောက်၊ ပဲလွမ်း၊ ပဲကြီး၊ ပဲကြား၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၃၉၇၁၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)