ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေများ ပေးအပ်


MNP  -   ဇန်နဝါရီ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၏ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲသို့ တက်ရောက်သည်။


ဝန်ထမ်းများနှင့် တွေ့ဆုံ


ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်ကဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေးမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များတင်ပြမှုကိုလည်းကောင်း၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များတင်ပြမှုကိုလည်းကောင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာအုပ်စု အိမ်ခြေ ၇၀၊ လူဦးရေ ၂၉၉ ဦးရှိသော အချုပ်ကလေး(တောင်)ကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီးက ထောက်ပံ့ပေးအပ်ကာ ကျေးရွာမီးလင်းရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး ကျေးရွာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်ကပ်လှူဒါန်း


ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျက်သရေဆောင်ရှေးဟောင်း သမိုင်းဝင်စတုမုခထူပါရုံ စေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး ဦးထေရာဝံသအမှူးပြုသော ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၆၁၃ ဦးရှိသော ငြိမ်းအေးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ဒုတိယဝန်ကြီးက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၂၀၀ ကို ကျေးရွာကော်မတီဝင်တစ်ဦးထံ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သုတကျော်ဝေ(ကိုယ့်အားကိုယ်ကိုး) စာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူး အငြိမ်းစားဆရာမကြီး ဒေါ်သန်းသန်းစိုးက လက်ခံရယူသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။ ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ရှေးဟောင်းသမိုင်းဝင်စတုမုခထူပါရုံ စေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်းအထောက်အကူဖြစ်စေရေးအတွက် ယွန်းလျှံ စိုက်ပျိုးရေးအထောက်အကူပြုကုမ္ပဏီ၏ ပုလဲကျူပင်များ စိုက်ပျိုးပေးကြသည်။


ကြည့်ရှုစစ်ဆေး


ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် အလယ်ရွာနှင့်ခတ္တူကျေးရွာတို့ကို ဆက်သွယ်ပေးထားသော ကြိုးတံတားပြုပြင် ထိန်းသိမ်းရန်လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် စိန်တောင်ကျေးရွာသို့ရောက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လှော်ကထား-စိန်တောင်-နတ်ထ္မင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ စိန်တောင်တံတားတည်ဆောက်မည့်မြေနေရာနှင့် လှော်ကထားကျေးရွာမှ ပုသိမ်-မုံရွာလမ်းမကြီးသို့ ဆက်သွယ်ထားသောလမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)