နစက ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ် သူတို့အမြင် (၂၈-၁-၂၀၂၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစက ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ် သူတို့အမြင် (၂၈-၁-၂၀၂၃)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/ ၂၀၂၃ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၆-၁-၂၀၂၃ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ရဲ့ ထူးခြားချက်က -

ပြည်ထောင်စုအဆင့် မှတ်ပုံတင်မယ့် ပါတီဟာ ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀၀၀)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပါတီက ပါတီဝင် ဦးရေ (၁၀၀၀) ရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်ပါတီဟာ ကျပ်သိန်း (၁၀၀၀)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပါတီဟာ ကျပ်သိန်း(၁၀၀) မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်း ထားရှိရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပါတီဟာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ထားရှိနိုင်ရမှာဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပါတီကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အနည်းဆုံး ၅မြို့နယ်မှာ ရုံးခန်း ဖွင့်လှစ်ထားရှိနိုင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပါတီက မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရမှာ ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပါတီက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အနည်းဆုံး မဲဆန္ဒနယ် တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

တည်ရှိနေသော နိုင်ငံရေးပါတီများသည် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှ ရက်ပေါင်း (၆၀) အတွင်း ပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက အလိုအလျှောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုမှု တချို့ တွေ့လာရပါတယ်။


နိုင်ငံရေးပါတီ စုဖွဲ့ဖို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်ထွက်လာမှာကို စောင့်စိုင်းနေတဲ့ ဦးကျော်ဇေယျ က -

"နစက"၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ဆိုတာကို မနေ့က ပြဌာန်းထုတ်ပြန်လိုက်ပါသည်။ အဆိုပါ ဥပဒေကြီးကို နိုင်ငံရေးစိတ်ဝင်စားကြသူများက မျှော်လင့်လို့ နေကြတာပါ ခင်ဗျာ၊ လွန်ခဲ့သည့် တစ်နှစ်ကျော်ကပင် ပါတီမှတ်ပုံတင်မည်ဆိုပါက ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီသည် ယခင် ကျပ်(၅)သိန်းကနေ ကျပ်သိန်းတစ်ထောင်၊ လူအင်အားမှာ ယခင် လူတစ်ထောင်မှတစ်သိန်း၊ ပြည်နယ်/တိုင်းအတွက်ဆိုပါက ယခင်ကျပ်သုံးသိန်းမှ သိန်းတစ်ရာ၊ လူအင်အားက ယခင်(၅၀၀)မှ ယခု(၁၀၀၀)အထိ ပြောင်းလဲကာ သတ်မှတ်တော့မည် ဖြစ်ကြောင်း ကြားနေရတာပါ။

သို့သော် ဤသို့မဖြစ်နိုင်ကြောင်း၊ တာဝန်ရှိသူများက ပြန်လည်ကာ စိစစ်နေကြောင်း ထပ်မံကြားသိခဲ့ရပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာပြည်မှာ ပါတီတွေများကာ (၉၀)ကျော်ရှိနေခြင်းအား မကြိုက်ပါ။ တဖန် တာဝန် ရှိသူများအနေဖြင့် ပါတီစုံစနစ်ကို အားပေးလိုသည့် အသံများကိုကြားနေရတော့ အထက်ပါအတိုင်း သိန်း‌ထောင်ချီ၍ လူအင်အား တစ်သိန်းထိသတ်မှတ်မည့် အချက်မှာ မဖြစ်နိုင်ပါ ဟု ယူဆမိခဲ့ပါသည် ခင်ဗျား၊

ယူဆရခြင်းအကြောင်းကတော့ "နစက" အဖွဲ့မှာလည်းအ ဖွဲ့ဝင်များအဖြစ်၊ အစိုးရအဖွဲ့မှာလည်း ဝန်ကြီးများအဖြစ်ပါတီ အသီးသီးက ခေါင်းဆောင်လုပ်ခဲ့သူများ ပါဝင်နေကြလို့ ဖြစ်ပါသည်။ ကောင်းသော အကြံဉာဏ်များ ကိုသာပေးကြမည် ဟု ယူဆမိလို့ပါ ခင်ဗျာ။

အလွန်ဆုံး တိုးခဲ့ရင် ကျပ်ငါးသိန်းမှ သိန်း(၅၀)/(၁၀၀) လောက် လူအင်အားကိုလည်း တစ်ထောင်မှ ငါးထောင်/တစ်သောင်းလောက် စသည်ဖြင့်သာ တိုးမည်ဟု ထင်ခဲ့မိပါသည်။ သို့သော် မနေ့က မထင်မှတ်ထားသည့် ကိစ္စက အမှန်တကယ် ထွက်လာတော့ အံ့ဩမိတာ အမှန်ပါ။

ထွက်လာပြန်တော့လည်း လက်ရှိပါတီအားလုံးပင် ရက် (၆၀)အတွင်းမှာ မှတ်ပုံလာတင်ပါ။ ထို့နောက်ရက်(၉၀)အတွင်းမှာ သတ်မှတ်သည့် လူဦးရေနဲ့ငွေအား အဆင်သင့်ဖြစ်အောင် လုပ်ပါဟု ဆိုထားပြန်တော့ ဒုက္ခပါဘဲ ဟုသာ တွေးမိလိုက်ပါ၏ ခင်ဗျာ။

"နစက"ရဲ့ ယခုလိုသတ်မှတ်ချက်အတိုင်း ဖြစ်သင့်တာကတော့ ပါတီတစ်ခုအတွက် တိုင်း/ပြည်နယ်တစ်ခုအတွင်းပြိုင်မည်ဆိုပါက တိုင်း/ပြည်နယ်တစ်ခုတွက် သိန်းတစ်ရာ နှစ်ခုဆို သိန်းနှစ်ရာ၊ သုံးခုပြိုင်မည်ဆိုပါက သိန်းသုံးရာ၊ လူဦးရေကိုလည်း ထိုနည်းတူ တိုင်း/ပြည်နယ်နှစ်ခုသာ ပြိုင်ပါက လူနှစ်ထောင်၊ သုံးခုပြိုင်က သုံးထောင် ဟုသတ်မှတ်ပေးသင့်ပါသည်။ သို့သော် မဖြစ်နိုင်တော့ပါ၊

ထွက်လာသည့်အခါ ပြည်ထောင်စုတစ်ဝန်းလုံးနှင့် တိုင်းပြည်နယ်တစ်ခုအတွက်သာ ခွဲခြားသတ်မှတ်ထားပါသည်၊ ယနေ့ အခြေအနေအရ နိုင်ငံရေးပါတီ ဝင်ချင်ရင်တောင်မိမိအသက်အန္တရာယ် စိုးရိမ်နေရသည့် အချိန်မျိုးမှာ ပါတီဝင်အင်အား စုစည်းနိုင်ရေးက များစွာ အခက်တွေ့ နိုင်ပါသည်။ မှတ်ပုံတင်ခွင့်ရရန်အတွက် အချိန်များကလည်း ကန့်သတ်ထားပြန်တော့ ပါတီအများ အခက်တွေ့နိုင်ပါ၏။ 

လက်တွေ့တွင် ပါတီများရှိ ပါတီဝင်များပင် ပါတီမှထွက်ခွင့်တင်ကာ ပါတီဝင်အဖြစ် မဟုတ်ကြတော့ဘဲ အပြင်ကသာ ပါတီကို ဝန်းရံ ပေးပါရစေ ဟု ဆိုကာ အသီးသီး သေမှာကြောက်၍ ပါတီမှ ခေတ္တခဏ ထွက်နေကြတာပါ။ ထို့ကြောင့် ကျွန်တော့်အနေဖြင့်တော့ လက်ရှိပါတီများ၏ ပါတီခေါင်းဆောင်များအပေါ်  အရည်အချင်း မည်မျှရှိသည်။ ပါတီအလိုက် ယခုထုတ်ပြန်လိုက်သည့် ဥပဒေ အပေါ် ဘယ်လိုသဘောထား ထုတ်ပြန်မည် ဆိုတာကိုသာ စောင့်ကြည့်သွားမှာဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ 


မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ(ဟောင်း) ဦးနေမျိုးကတော့ - 

ဦးကျော်ဇေယျ က ခုရွေးကော်ဥပဒေသစ်နဲ့ ပတ်သက်ပြီး  နိုင်ငံရေးပါတီခေါင်းဆောင်တွေ ဘာလုပ်မလဲတဲ့။ ကျနော်တို့ Peace & Diversity Party (PDP) ကတော့ရှင်းတယ်။

၁။ နိုင်ငံရေးအစစ်ဆိုတာလေပဲ

၂။ ဒီမိုကရေစီရဲ့အနှစ်သာရက လွတ်လပ်စွာပြောဆိုရေးသားခွင့်ပဲ

၃။ ရာထူးရမှ အလုပ်ဖြစ်ရင် ဒီမိုကရေစီမလိုအပ်ဘူး။ ဘုရင်စနစ်မှာလဲ ရာထူးရှိရင်အလုပ်ဖြစ်တယ်။

ဒီတော့ ပါတီဆိုတာ မရှိလဲရတယ်။ ဒေါ်စုရဲ့ သန်းခြောက်ထောင်ကျော်နဲ့ ဖိထားတဲ့ ဖေ့စ်ဘုခ်မဟုတ်ရင် အဆင်ပြေတယ်။ ဖေ့စ်ဘုခ်မရှိရင်လဲ အဆင်ပြေနေပါပြီ။ ဘစိန်ခေတ်ကထဲက အမျိုးသားအရင်းရှင်စနစ်ပေါ်ရောက်နေပြီးပြီ။ အန်တီအစ္စလာမ်မိုက်ဇေးရှင်းကို ဘာသာရှိသူတွေလုပ်ကြပစေတော့။ PDP က ရွေးကော် ဥပဒေသစ်ကို ကျေနပ်တယ်။ 

ကြိုက်တယ် ပြောတာမဟုတ်ဘူး။ ကျေနပ်တယ်ပြောတာ။ တက်လာမဲ့ပြဿနာကို ကြိုသိတယ်။ တိုင်းရင်းသား နိုင်ငံရေးပလက်ဖောင်းပြဿနာ တက်လာလိမ့်မယ်။ ပြဋ္ဌာန်းသူတွေ နဲ့ ရှင်းကြပစေ။ နိုင်ငံရေးပညာအရ ကြိုသိပေမဲ့ တန်ဖိုးသိမှ ပြောရကျိုးနပ်တာ။ ဆိုတော့ကာ ကျေနပ်တယ်။ ကောင်း၊ မကောင်း။ ကြိုက်၊ မကြိုက်မမေးနဲ့။ 


ဒါကတော့ နစက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအပေါ်မှာ ဦးကျော်ဇေယျကတော့ နိုင်ငံရေးပါတီတွေဘက်က ဘယ်လို ထုတ်ပြန်ပြောဆိုလာမလဲ ဆိုတာကို မေးခွန်း ထုတ်ထားပြီး Peace & Diversity Party က ဦးနေမျိုးဝေကတော့ ကောင်း/ မကောင်း၊ ကြိုက်/ မကြိုက် ပြောဆိုထားခြင်း မရှိဘဲ တိုင်းရင်းသား နိုင်ငံရေးပလက်ဖောင်း ပြဿနာတက်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)