မုံရွာမြို့နှင့်အခြားမြို့များမှ ပျံကျဈေးသည်များအတွက် ပြည်ထောင်စုပျံကျဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းပေါင်း (၁၂၈၀) အခမဲ့ မဲဖောက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နှင့်အခြားမြို့များမှ ပျံကျဈေးသည်များအတွက် ပြည်ထောင်စုပျံကျဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းပေါင်း (၁၂၈၀) အခမဲ့ မဲဖောက်ပေး


MNP -  ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် မြေဧက(၆.၅)ဧကပေါ်တွင် တည်ဆောက်ပြီးစီးသော ပြည်ထောင်စုပျံကျဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းပေါင်း (၁၂၈၀)ကို မုံရွာမြို့နှင့်အခြားမြို့များမှ ပျံကျဈေးသည်များအတွက် အခမဲ့မဲဖောက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ပြီးစီးသော ပြည်ထောင်စုပျံကျဈေးသစ်ကြီးတွင် ကန်သာယာယာယီပျံကျဈေး၌ ဈေးရောင်းချလျှက်ရှိသော ပျံကျဈေးသည်များအား မဲစနစ်ဖြင့် စနစ်တကျရွေ့ပြောင်းဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် တာဝန်ရှိသူများက ပျံကျဈေးသည် စာရင်းများအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် သုံးကြိမ်တိုင်တိုင် ပန်းရောင်းဈေးသည်(၉၂)ဦး၊ ကုန်စိမ်းဈေးသည်(၆၆၈)ဦး၊ အခြားစားသောက်ကုန်၊ အလှကုန်၊ အဝတ်အထည်၊သစ်သီး ဈေးသည်(၁၁၇)ဦး၊ ကုန်ခြောက်/ကုန်စုံ ဈေးသည်(၇၁)ဦး၊ အသားငါးဈေးသည်(၁၇၆)ဦး စုစုပေါင်း(၁၁၂၄)ဦးအား အမျိုးအစား(၅)မျိုးခွဲခြား၍ ကွင်းဆင်းကောက်ယူခဲ့ပြီး  မဲဖောက်ကာအခမဲ့ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၏ ပြောကြားချက် အရသိသည်။


ပြည်ထောင်စုပျံကျဈေးသစ်ကြီးတွင် ဈေးသည်များကို  ရုံအလိုက်နေရာချထားရာတွင် ရုံအမှတ်(၁)မှ ရုံအမှတ်(၃၂)ထိ မြောက်ဘက်မှ တောင်ဘက်သို့ အစဉ်လိုက်နေရာချထား ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးဆိုင်ခန်းနံပါတ်များကို နေရာချထားရာတွင် အနောက်မှ အရှေ့သို့ အစဥ်အတိုင်း ဆိုင်ခန်းအမှတ်(၁)မှ ဆိုင်ခန်းအမှတ်(၁၂၈၀)အထိ  ရုံ(၁)ရုံလျှင် ဈေးဆိုင်ခန်း(၄၀)ခန့်ဖြင့် ဆိုင်ခန်းနံပါတ်များအား နေရာချထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကောက်ခံရရှိသော ပျံကျဈေးသည် (၁၁၂၄)ဦးအား အမျိုးအစား(၅)မျိုးခွဲခြား၍  ရုံအမှတ်(၁)မှ ရုံအမှတ်(၃)အထိ ဆိုင်ခန်း(၁၂၀)ခန့်အား ပန်းဈေးတန်းအဖြစ်လည်းကောင်း၊ ရုံအမှတ်(၄)မှ ရုံအမှတ်(၂၂)အထိ ဆိုင်ခန်း(၇၆၀)ခန့်အား ကုန်ဈေးတန်းအဖြစ်လည်းကောင်း၊ ရုံအမှတ်(၂၃)၊(၂၄)၊(၂၆)ရှိ ဆိုင်ခန်း(၁၂၀)ခန့်အား အခြားစားသောက်ကုန် အဝတ်အထည်နှင့်  သစ်သီးတန်းအဖြစ်လည်းကောင်း၊ ရုံအမှတ်(၂၇)မှ ရုံအမှတ်(၂၈)အထိ ဆိုင်ခန်း(၈၀)ခန့်အား ကုန်ခြောက်‌တန်းအဖြစ်လည်းကောင်း၊ ရုံအမှတ်(၂၅)၊(၂၉)၊(၃၀)၊(၃၁)၊(၃၂) အထိ ဆိုင်ခန်း(၂၀၀)ခန့်အား အသားငါးတန်းအဖြစ် လည်းကောင်း အသီးသီးနေရာချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးထား တည်ဆောက်ပြီးစီးသော မုံရွာမြို့ရှိ ပြည်ထောင်စုပျံကျဈေးသစ်ကြီးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ   စည်ကားသိုက်မြိုက်စွာ မကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)