(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဒုတိယနေ့ ဆက်လက်ခင်းကျင်းပြသ ပြည်သူများ တစ်ခဲနက် လာရောက်လေ့လာကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဒုတိယနေ့ ဆက်လက်ခင်းကျင်းပြသ ပြည်သူများ တစ်ခဲနက် လာရောက်လေ့လာကြည့်ရှု






MNP -  ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲ ခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက် လာရောက် လေ့လာကြည့်ရှုကြသည်။


တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နွေးထွေးစွာ ကြိုဆို


ပြခန်းများနှင့်အရောင်းဆိုင်များရှိရာ တပေါင်းကွင်းအတွင်းသို့ လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက နွေးထွေးစွာ ကြိုဆိုကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတ များကို အဖွဲ့လိုက် မျှဝေပေးကြသည်။


ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးနှင့် ဝန်ကြီးဌာနများမှ ဂုဏ်ပြုယာဉ်များတွင် ပြည်သူများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ချစ်ခင်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဒေသအလိုက် တိုင်းရင်းသားများ၏ အထိမ်း အမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ် အလာများ၊ ဒေသထွက်ကုန်များနှင့်ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များကို သရုပ်ဖော်ပြသပေးထားရာ ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြသည်။


စည်ကားလျက်ရှိ


ပြပွဲသို့ လာရောက်လေ့လာကြသူများအနေဖြင့် လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။


အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့်ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများ၊ ရိုးရာသိုင်းအကအလှများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများ ရှေ့နှင့်ပြခန်းများရှေ့တွင် ကပြဖျော်ဖြေကြရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူပျော်ရွှင်စွာ သီဆိုကခုန်ပါဝင်ဆင်နွှဲခြင်းကြောင့်လည်း အထူးစည်ကားလှသည်။


 တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များကို ပြည်သူများ စိတ်ကြိုက်သုံးဆောင်နိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာ ဒေသထွက်အစား အသောက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်းသားအစား အသောက်များကို စားသုံးနိုင်သည့် အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများ စိတ်ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူစားသုံးကြသည်။


ရောင်းချပေးလျက်ရှိ


ထို့ပြင် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ပြည်သူများ အမြတ်တနိုးတန်ဖိုးထား ဝယ်ယူဝတ်ဆင်နိုင်စေရန်အတွက်လည်း ရိုးရာဝတ်စုံများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစားတစ်ခဲနက် ဝယ်ယူအားပေးသူများဖြင့်လည်း စည်ကားလှသည်။


နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အထိမ်းအမှတ်ပြခန်း များတွင်လည်း တန်ခိုးကြီးဘုရားပုံစံငယ်များ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာဓာတ်ပုံများ၊ ဝတ်စား ဆင်ယင်မှုသရုပ်ဖော်ပုံစံများ၊ ဒေသထွက်လူမှုအသုံး အဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များ၊ လက်မှုနှင့်စက်မှုပညာပစ္စည်းများ၊ အပန်းဖြေလည်ပတ်အနားယူနိုင်သည့် အထင်ကရနေရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထင်ရှားကျော်ကြားသူများ၏ ဓာတ်ပုံများ၊ မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အဆောက်အအုံပုံစံငယ်များကို ခင်းကျင်းပြသထားပြီး နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန်အတွက်လည်း ဝန်ကြီး ဌာနများအလိုက် ပြည်သူ့အကျိုးပြုပြခန်းများကို ပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အထူးစိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြသည်။


ကံစမ်းမဲအစီအစဉ်


ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်း များတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင် ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။


ဖျော်ဖြေရေးအစီအစဉ်များအဖြစ်ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍ လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများတစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။


အဆိုပါ ဂုဏ်ပြုယာဉ်များနှင့် ပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူများ ဘေးအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လုံခြုံရေးစောင့်ရှောက်မှု အပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေး ချို့ယွင်းမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါကလည်း ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ဆေးခန်းများ ဖွင့်လှစ်ထားသည်ကို တွေ့ရှိရသည်။


ပြန်ကြားရေးဝန်ကြီးဌာန ပုံရိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပြပွဲသို့လာရောက်ကြသည့် ပြည်သူများကို စာပေဗဟုသုတအသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်၍ သုတ၊ ရသဆိုင်ရာ စာအုပ်များကို စာပေဗိမာန်ရွေ့လျားအရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကိုလည်း တွေ့ရသည်။


အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၂၆ စီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ် ငါးစီး စုစုပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတို့ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသပေးလျက်ရှိရာ မိဘပြည်သူများ အခမဲ့လာရောက်လေ့လာကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)