MNP - ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ အထက(၁)သထုံ ကျောင်းသူကျောင်းသားများက ပညာရေးစုံညီ အဖွင့်သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သထုံခရိုင်ပညာရေးမှူး ဦးခဲမိုင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်တို့က ပညာရေးစုံညီပွဲတော်ကျင်းပပေးရသည့်ရည်ရွယ်ချက်နှင့် သထုံမြို့နယ်အတွင်း ပညာရေးကဏ္ဍဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ဘက်စုံထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ဆု၊ အဆို၊ အက၊ အရေး၊ အတီး၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ထူးချွန်ဆု စသည့် ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment