MNP - ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ကြက်သွန်ဖြူ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် နှစ်စဉ် ဆောင်းရာသီမှာ မြေအောက်ရေတင်ပြီး ကြက်သွန်ဖြူ စိုက်ပျိုးပါတယ်။ စိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး အပင်ပြုရတာလည်း သက်သာပါတယ်။ အရင်နှစ်က ပိဿာချိန် ၁၀၀ ခန့်ထွက်ပြီး တစ်ပိဿာ ငွေကျပ် ၄၀၀၀ ဈေးရောင်းခဲ့ရပါတယ်။ ဒီနှစ် တိုးချဲ့ စိုက်ပျိုးထားပြီး ပိဿာချိန် ၁၀၀ ကျော်ထွက်မယ်လို့ခန့်မှန်းထားပါတယ်။ ကြက်သွန်ပေါ်ချိန် ဈေးကောင်းရဖို့ မျှော်လင့်နေပါတယ်” ဟု ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးကပြောသည်။
အဆိုပါ ဆောင်းသီးနှံသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက အထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး၊ ပိုးပြေးဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေနှင့် မြေအောက်ရေတင်ပြီး ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအတွက် ဝင်ငွေရရှိကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment