မြိတ်မြို့တွင် ကျောင်းကျန်းမာရေးပညာပေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ကျောင်းကျန်းမာရေးပညာပေး သင်တန်းဖွင့်လှစ်



MNP  -  ဇန်နဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံပညာကျောင်းများမှ ဆရာ/မများအား ကျောင်းကျန်းမာရေးပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(၃)မြိတ် ပညာရတနာခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။


သင်တန်းကို ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် လူနေမှုဘဝပုံစံများ သိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ ကျောင်းသားလူငယ်များ ပညာရေးဝန်ထမ်းများနှင့် ကျောင်းရှိလူအားလုံးအား ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအတိုင်း ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ ကျောင်းကျန်းမာရေးလုပ်ငန်းမှတစ်ဆင့် တစ်မျိုးသားလုံးကျန်းမာရေးအဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် ကျောင်းကျန်းမာရေး ရည်ရွယ်ချက်၊ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပုံနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ ကျောင်းအခြေပြု ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ရေးလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးသီတင်းပတ်၏အဓိကလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးမှတ်တမ်းကဒ်ခြင်းနှင့် ကျောင်းသား/သူများအာဟာရဖွံ့ဖြိုးမှု အခြေအနေတိုင်းတာတွက်ချက်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဆိုင်ရာလုပ်ငန်းများစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ပညာပေးသင်တန်းကို မြိတ်ခရိုင်ပညာရေး ဒေါ်လှလှအေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး  ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းစတင်ခဲ့သည်။ အဆိုပါသင်တန်းသို့ မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်း  စုစုပေါင်းဆရာ/မ(၁၈၇)ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီအထိ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆွေးနွေးပို့ချပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)