MNP - ဇန်နဝါရီ ၁၅
ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့ထိကျင်းပမည့် နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ အားကစားသမား ၉၃ ဦး၊ နည်းပြအုပ်ချုပ်သူ ၂၅ ဦး စုစုပေါင်း ၁၁၈ ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဆိုပါ အားကစားသမားများတွေ့ဆုံပွဲမှ သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သွားရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူအားကစားသမား များအနေဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း၊ မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက် အကောင်းဆုံးဖြစ်အောင်၊ အောင်မြင်အောင်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းလိုကြောင်း၊ ရရှိသည့် အောင်မြင်မှုများအလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုချီးမြှောက်မှု များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားအားကစားအဖွဲ့နှင့် အဖွဲ့ခေါင်းဆောင်များထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူအားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment