ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ


MNP -  ဇန်နဝါရီ ၈     

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့စားသုံးဆီတင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။


ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ဆောင်းနေကြာစိုက်ခင်း၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နေကြာမျိုးသန့်များရွေးချယ်အသုံးပြုရေး၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် တွက်ခြေကိုက် အကျိုးရှိစေမည့်အထွက်နှုန်းရရှိရေး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိုးမှန်ကန်စွာ သုံးစွဲရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့ပြင် တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေအလေအလွင့်မဖြစ်ပေါ်စေရေးအတွက် ရေအသုံးချသူအဖွဲ့(WUG) တောင်သူများက စနစ်တကျပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အတူ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်မည့်အခြေအနေများနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး တောင်သူများနှင့်အတူ နေကြာသီးနှံစိုက်ကွင်းအတွင်း ပေါင်းလိုက်ခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။


နည်းပညာပြန့်ပွားရေး


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၆ မိုင် ၅ ဖာလုံရှိ ပညာပေးရေးနှင့်သုတေသနလုပ်ငန်းများဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ (နေပြည်တော်)သို့ ရောက်ရှိပြီး သုတေသနလုပ်ငန်းများပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူထားရှိမှုအခြေအနေ၊ နို့ပေါင်း စက်ရုံ၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားစာချဉ်ဖတ်ထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကြပြီး နို့စားနွားမွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး၊ နို့စားနွားမွေးမြူရေးကို ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရေး၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွတ်သည့် နို့နှင့်နို့ထွက်ပစ္စည်းများ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှုဖွံ့ဖြိုးလာရန်၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက်အားပေး ဆောင်ရွက်ကြရန်တာဝန်ရှိသူ များကို ဆွေးနွေးမှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)