မိုးညှင်းမြို့နယ်တွင် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော် (၁၅၄) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်တွင် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော် (၁၅၄) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ကျင်းပ






MNP    -   ဇန်နဝါရီ ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံး၍ (၁၅၄) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို တပေါင်းလဆန်း (၈) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူဖြိုးထံမှ သိရသည်။


ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော်သည် နှစ်စဉ် တပေါင်းလဆန်း (၈) ရက်မှ တပေါင်းလပြည့် (၁၅) ရက်အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးပြည်သူများက လာရောက်ကြကာ အခမဲ့တည်းခိုရန်နေရာများ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အများအပြားလာရောက်လေ့ရှိကြောင်း၊ ယခုအခါတွင် ကိုဗစ်−၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ဒေသအခြေအနေများကြောင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသော်လည်း အကျဉ်းချုံးအနေဖြင့် ရိုးရာမပျက် ဆွမ်းတော်ကြီးကပ်လှူပွဲကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


ဆွမ်းတော်ကြီးကပ်လှူပွဲတွင် ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်သံဃာတော် အပါး (၁၈၀) နှင့် သီလရှင်အပါး (၉၀) စုစုပေါင်း အပါး (၂၇၀) ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အင်းပတ်လည်ရှိကျေးရွာများမှ ရွာသူရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက ဆွမ်းဆန်တော်လာရောက် ကပ်လှူလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဘုရားပွဲတော်ကြီးကို ယခင်ကပြည်နယ်နှင့် ခရိုင်တို့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိကြပြီး ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအကပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာအားကစားပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း ဘုရားပွဲသည်ဆွေဘုရား၊ မျိုးဘုရားဖြစ်ပြီးဘာသာမရွေး၊ လူမျိုးမရွေးပါဝင်ဆင်နွှဲကြသော ပွဲတော်ကြီးဖြစ်၍ ဒေသခံပြည်သူတို့၏တစ်နှစ်တာကာလ ပင်ပန်းနွမ်းနယ်ခဲ့သမျှကိုလည်း ဆေးကြောလန်းဆန်း စေသည့်အနေဖြင့်ကျင်းပလေ့ရှိသော ပွဲတော်ကြီးဖြစ်ကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)