ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြင်ဦးလွင်နှင့် မန္တလေးမြို့များတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြင်ဦးလွင်နှင့် မန္တလေးမြို့များတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


MNP  -  ဇန်နဝါရီ ၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ တုံဂပူရိဟိုတယ်၌ ကျင်းပသော ရုရှားဘာသာစကားပြော အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ရုရှားဘာသာစကားသင်တန်းကို ဝန်ကြီးဌာနသည် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၏ အကူအညီဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလ ငါးလကျော် ကြာမြင့်ခဲ့ပြီး နာရီပေါင်း ၆၀၀ ကို ရက်သတ္တပတ် ၂၀ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ဘာသာစကားဆိုသည်မှာ စိတ်ဝင်စားမှုအပြည့်ထားကာ လေ့ကျင့်သင်ယူလျှင် တတ်မြောက်လွယ်သဖြင့် လက်တွေ့ပြောဆိုလေ့ကျင့်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားများသည် ၎င်းတို့၏ ဘာသာစကားဖြင့် နှုတ်ဆက်ပြောဆိုပါက ကျေနပ်နှစ်သက်မှုသာမက ယုံကြည်မှုကိုပါ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ရုရှားဘာသာစကားသင်တန်းတွင် သင်ကြားပို့ချပေးခဲ့ကြသော ဆရာဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးက ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုများရရှိခဲ့ကြသော သင်တန်းသား သင်တန်းသူများကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာန ပါမောက္ခချုပ်ဗိုလ်မှူးချုပ်သိန်းလွင်က သင်တန်းတွင် အောင်မြင်ခဲ့ကြသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။


ထို့နောက် သင်တန်းသား သင်တန်းသူများက ရုရှားဘာသာသီချင်းများ၊ ကဗျာများ၊ သရုပ်ဖော်ပြဇာတ်များဖြင့် ဘာသာစကားစွမ်းရည်ကို ပြသဖျော်ဖြေတင်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပွဲကောက် ရေတံခွန်အပန်းဖြေစခန်းသို့ ရောက်ရှိကာ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းခရီးသွားများဖြင့် စည်ကားနေမှု၊ ခရီးသွားဧည့်သည် အပန်းဖြေသူများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည့် မြန်မာ - တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက် သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ပူးပေါင်းဖွင့်လှစ်သော ရုရှားဘာသာစကားသင်တန်း အမှတ်စဉ် -၂ သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ဆောင်ရွက်သော ခရီးသွား လုပ်ငန်းသုတေသနစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ခရီးသွားလုပ်ငန်း သုတေသနလက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ ရှင်းလင်းပို့ချခြင်းကို သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသော ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက် သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး အလွန်အရေးပါသော လွတ်လပ်ရေးနေ့ကို နိုင်ငံတော်အစိုးရ အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်ပြည့်မြောက်ပြီး စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုစိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ သမိုင်းဝင်နေ့ထူးနေ့မြတ် အခမ်းအနားတစ်ခုတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် အောင်မြင်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုလိုဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိပြီး ကိုယ်စီတာဝန်သိစိတ်ရှိစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထို့အတွက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား တွင် ကျရာနေရာမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ယင်းနောက် ဝန်ထမ်းများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုလက်ဆောင်အဖြစ် ကံစမ်းမဲများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)