(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို တောင်ကြီးမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို တောင်ကြီးမြို့၌ ကျင်းပ



MNP  -  ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ မိနစ်(၂၀)က  တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။


အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။


ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပရာ စစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းအား အလေးပြု၍ အခမ်းအနားတက်ရောက်လာကြသော တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှနိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့်  တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံ မှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား  ဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များ၊ ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စစ်ရေးပြ တပ်ဖွဲ့များနှင့်ဂုဏ်ပြုစစ်တီးဝိုင်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားများဖြင့် အဝေရာမီးပုံးပျံကွင်း မြောက်ဘက်ရှိပြည်သူ့ရင်ပြင် အားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီး လွန်ကြိုးဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ မြန်မာ့သိုင်း၊ သံပုံးရိုက်၊ ချောတိုင်တက်၊ အာလူးကောက်၊ ဂုံနီအိတ်ပြေးပြိုင်ပွဲ၊ မြန်မာရိုးရာခြင်းဝိုင်းခတ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲပါဝင် ယဉ်ပြိုင်ကြပြီး အခြေခံကျောင်းပေါင်းစုံ အေးရိုဗစ်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသည့် ကျောင်းများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများက အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)