MNP - ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များတက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲတို့သည် ရွှေစာရံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ သထုံမြို့၊ ဓမ္မမေဒနီ စာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ ဉာဏောသူရိယာဘိဝံသ ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူတို့က သီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုကြကာ ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ်အဖြစ် လှူဒါန်းရရှိငွေ အလှူငွေကျပ် (၃၁၉၅) သိန်းအား အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့မှ လက်ခံရရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေ၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့၊ စိုက်ပျိုးရေးသိပ္ပံကကျောင်း၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသစ်တည်ဆောက်သည့် မွေးမြူရေးသိပ္ပံကျောင်း နှစ်ထပ်စာသင်ဆောင်၊ သုတေသနဆောင်၊ လက်တွေ့သင်ကြားရေးဆောင်၊ ကျောင်းသားအိပ်ဆောင်၊ ဝန်ထမ်းဆောင်နှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ပြီးစီးနေမှု အခြေအနေတို့အား ကကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံပညာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးနိုင်ရန်နှင့် သင်ကြားရေးနည်းစနစ်ကောင်းများဖြင့် ကျွမ်းကျင်တတ်မြောက်သော ပညာရှင်များ မွေးထုတ်ပေးထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေး လုပ်ငန်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment