ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ


MNP -  ဇန်နဝါရီ ၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်၌ တွေ့ဆုံသည်။


စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သူ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ကချင်ပြည်နယ်သည် ယခုကဲ့သို့ (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည်နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့သော်လည်း မိမိတို့တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးကိုရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေ ဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသလို ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စုငါးမျိုးနှင့် ဗမာတိုင်းရင်းသားတို့ အချင်းချင်းစည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မိမိတို့၏လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့တိုင်းရင်းသားအဖွဲ့များ အချင်းချင်းစည်းလုံးညီညွတ်ပြီး ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များဖြစ်သည့် ကချင်ခြောက်မျိုး၊ ရှမ်း ငါးမျိုးနှင့် ဗမာ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များထံ ထောက်ပံ့ငွေကျပ်သုံးသိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၃၆ သိန်းကို ထောက်ပံ့ပေးအပ်ကြရာ ကချင် တိုင်းရင်းသားမျိုးနွယ်စုအားလုံးကိုယ်စား မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလနူးကလည်းကောင်း၊ ရှမ်းမျိုးနွယ်စုများကိုယ်စား ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောနွဲ့ကြံအောင်ကလည်းကောင်း၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးဝင်းကြည်ကလည်းကောင်း၊ ကျေးဇူးတင်စကားနှင့်အသင်း၊ အဖွဲ့များအတွက်လိုလားချက်များကို တင်ပြဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ မနောအိမ်ရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)