မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်







MNP  -   ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်လွဲပိုင်းက ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘောလုံးအားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။


ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးအားကစားနည်းဟာ လူအများဆုံး စိတ်ဝင်စားတဲ့ အားကစားနည်းဖြစ်တာကြောင့် ကမ္ဘာနဲ့အဝှမ်း နိုင်ငံတိုင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုလို အားကစားပြိုင်ပွဲတွေ ကျင်းပပေးနေခြင်းဟာ ကျောင်းသား၊ ကျောင်းသူများ လက်စုံ ထူးချွန်ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေဖို့၊ မောင်တို့ မယ်တို့ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်တွေဖြစ်လာစေဖို့၊ သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြောင်းလဲလာတဲ့နည်းစနစ် နည်းဥပဒေများနဲ့အညီ စနစ်တကျ လေ့ကျင့်ကစားနိုင်စေဖို့၊ တစ်ဦးနဲ့တစ်ဦး စည်းလုံးညီညွတ်တဲ့စိတ် ရိုင်းပင်း ကူညီတတ်တဲ့ စိတ်တွေ ပေါ်ထွန်းလာစေဖို့၊ အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ စိတ်တွေ ကိန်းအောင်း လာစေဖို့နဲ့ အားကစားစိတ်ဓာတ်နဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ချစ်မြတ်နိုးတတ်တဲ့စိတ်တွေ ဖြစ်ပေါ်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အားကစားပြိုင်ပွဲများကျင်းပပေးနေတာဖြစ်ပြီး ကျောင်းတွင်းအားကစား ပြိုင်ပွဲများမှသည် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားသည်။


နိုင်ငံတော်အနေနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားတဲ့ လူကောင်း လူတော်တွေ ဖြစ်လာအောင် အားကစားကဏ္ဍကို အလေးပေးဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူ တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ အားကစားတွင် စိတ်ဝင်စားလာရေး၊ အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရရှိစေဖို့အတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်နဲ့ ထူးချွန်ထက်မြက်တဲ့ အားကစားမျိုးဆက်သစ် လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် အတွက် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေး လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်းဖြစ်ပြီး မောင်တို့ဟာ ကျန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ရွှင်လန်းတက်ကြွနေတဲ့ စိတ်ဓာတ်နဲ့အတူ အားကစားနည်းအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်ခြင်း၊ စည်းကမ်းရှိခြင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစာခြင်း၊ ချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်း၊ နားလည်ပေးနိုင်ခြင်း၊ စုပေါင်းလှုပ်ရှားတတ်ခြင်း၊ ရိုင်းပင်းဖေးမကူညီခြင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ အားကစားပြိုင်ပွဲတွေကို ကျင်းပပေး ခြင်းဖြစ်ပြီး နောင်ဆက်လက်ကျင်းပမယ့် ပြိုင်ပွဲတွေမှာလည်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲ သွားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံးများကို ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်ထံ ပေးအပ်ခဲ့သည်။


ယင်းနောက် ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဓာတုဗေဒအသင်းနှင့် သင်္ချာအသင်းတို့ စတင်ယှဉ်ပြိုင် ကစားနေမှုအား ဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဓာတုဗေဒအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က ပထမဆုရ ဓာတုဗေဒအသင်းအား ဆုတံဆိပ်လည်ဆွဲ၊ ဆုငွေနှင့် ဆုဖလားကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒုတိယဆုရ သင်္ချာအသင်းအား ဆုတံဆိပ်လည်ဆွဲနှင့် ဆုဖလားကိုလည်းကောင်း၊ နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးဆုများကို ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)